အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)အတွင်း ရှိ ဝန်ကြီးဌာနများမှ တိုက်တာဝန်ခံများနှင့်တွေ့ဆုံပြီး အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အစည်းအဝေးကျင်းပ
နေပြည်တော်၊ မေ ၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)အတွင်း Cluster အသီးသီးရှိ အဆောင်များတွင် နေထိုင် ကြသည့် ဝန်ကြီးဌာနများမှ တိုက်တာဝန်ခံ/ ဒု-တိုက်တာဝန်ခံ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဘေးဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီး ဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားသမားများ စုပေါင်းနေထိုင်နေကြရသည့်အတွက် ဝန်ထမ်းအိမ်ရာ တည်မြဲအမိန့်များနှင့် ဒေသန္တရတည်မြဲအမိန့်များကို လိုက်နာကြရန်လိုကြောင်း၊ အားကစားသမားများ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာကြရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများ၊ လူမှုရေးကိစ္စအရှုပ်အရှင်းများနှင့် အုပ်ချုပ်မှု ကိစ္စရပ် များ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ စိစစ်ကြပ်မတ် မှာကြားပေးသွားရန်လိုကြောင်း၊ Cluster တစ်ခုချင်းစီတွင် Sub Meter များ တပ်ဆင်ပေးသွားမည်ဖြစ်၍ ရေ၊ မီး ချွေတာသုံးစွဲကြရန်နှင့် သုံးစွဲမှု ယူနစ်အတိုင်း ကျသင့်ငွေအား နေထိုင်သူမိသားစုဝင်များအားလုံး အချိုးကျ ပေးဆောင်သွားကြရမည် ဖြစ်ကြောင်း၊ မိမိပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် သက်သာချောင်ချိစေရေးအတွက် သီးပင် စားပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က Cluster များတွင် အသေးစားပြုပြင်မှုများကို နေထိုင်သူ များက မိမိအစီအစဉ်ဖြင့် ပြုပြင်သွားကြရန်နှင့် အကြီးစားပြုပြင်ခြင်းများ ဆောင်ရွက်လိုပါက တာဝန်ရှိ သူများထံ အဆင့်ဆင့် သတင်းပို့တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် အိမ်ရာကော်မတီအား စနစ်တကျ ဖွဲ့စည်းပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးအရ ယာဉ် ဝင်/ထွက်ခွင့် ကဒ်ပြားများအား မိမိတို့ဝန်ကြီးဌာန အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ Cluster များတွင် နေထိုင်သည့် အရာထမ်း/အမှုထမ်းများအနေဖြင့် ယာဉ်အမျိုးအစားနှင့် ယာဉ်နံပါတ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ အမြန်ဆုံးပေးပို့သွားရန် တင်ပြဆွေးနွေးခဲ့ပြီးနောက် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp) အုပ်ချုပ်မှုတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာကြသည့် တိုက်တာဝန်ခံ/ ဒု-တိုက်တာဝန်ခံ အရာထမ်း/အမှုထမ်းများက ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


