![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အတွင်းရှိ မြို့နယ်အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှုနှင့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံ (C)နှင့် ရေကူးကန် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီ ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားအဆင့် အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော် ဥတ္တရသီရိခရိုင်အတွင်းရှိ၊ ဥတ္တရသီရိ မြို့နယ်နှင့် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများနှင့် မန္တလေးငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ VIP မှန်ခန်း အထူးတန်းပွဲကြည့်စင်၊ ဘောလုံးကွင်း၊ အားကစားရုံ (C)နှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော် ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ငါးရိုးရေစိမ့်မြောင်းဖောက်လုပ်ခြင်း၊ Spinkler ရေဖျန်းစနစ်တပ်ဆင်ခြင်း၊ မြက်ခင်းစိုက်ပျိုးခြင်း၊ ဘောလုံးကွင်းကြမ်းဖောက်လုပ်ခြင်း၊ မြေသား ပြေးလမ်း ခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်း၊ ပေ ၂၂၀၀ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပေ ၁၅၀ x ၄၀ အနောက်ဘက်ပွဲကြည့်စင် တည်ဆောက်မည့်မြေနေရာနှင့် ရေဂါလံ ၈၀၀၀၀ ဆံ့(Ground Water Tank)တူးဖော်မည့် မြေနေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ယခုကွင်းသည် မိုးတွင်းကာလတွင် ရေမြုပ်တတ်သည့် မြေနေရာဖြစ်၍ ခြံစည်းရိုးအုတ်တံတိုင်းနှင့် အားကစားကွင်း ရေရှည်တည်တံ့ပြီး မပျက်စီးစေရေးအတွက် ရေစိမ့်မြောင်းများ၊ ရေလွှဲမြောင်းများနှင့် ရေထိန်းတိုင်များကို မဖြစ်မနေ ဂရုစိုက် ထည့်သွင်းပြီး တည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်/ စံညွှန်းပြည့်မီပြီး အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူများက စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ ဓါတ်လှေကား ပြန်လည်ပြုပြင်ပြီးစီးမှု၊ VIP အခန်း အထူးတန်းပွဲကြည့်စင် မှန်များ တပ်ဆင်ပြီးစီးမှုအခြေအနေ၊ ဘောလုံးကွင်း မီတာ ၄၀၀ Synthetic ပြေးလမ်း ခင်းကျင်းရန်အတွက် AC အလွှာခင်းကျင်းနေမှုအခြေအနေ၊ ဘောလုံးကွင်း အတွင်းရှိ ပြန်လည်စိုက်ပျိုးထားသည့် မြက်ခင်း အခြေအနေ၊ အခန်းနံရံပလာစတာ ဖာထေးပြုပြင် ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C) မျက်နှာစာရှိ ကားပတ်လမ်း ပြန်လည်ခင်းကျင်းနေမှုနှင့် ရုံအတွင်း ပြင်ဆင်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ မီတာ ၅၀ ပြိုင်ပွဲသုံး ရေကူးကန်နှင့် ဒိုင်ဗင်ကန် အောက်ခံကြမ်းခင်းနှင့် ဘေးပတ်လည် ကြွေပြားအသစ် ပြန်လည်ပြုပြင်နေမှုအခြေအနေများနှင့် ရေကူးကန်အတွင်းသို့ ရေဖြည့်သွင်းနေမှုအခြေအနေများအား လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးကောင်းမွန် စေရေးတို့အတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏ သီရိမြို့နယ် အားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းကြမ်းဖောက်လုပ်ခြင်း၊ မြေသား ပြေးလမ်းခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ရေဂါလံ ၈၀၀၀၀ ဆံ့(Ground Water Tank)တူးဖော်မည့် မြေနေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ခြံစည်းရိုးအုတ်တံတိုင်းပတ်လည် အောက်ခြေဘက်ရှိ ခြုံနွယ်များ ရှင်းလင်း ပေးသွားရန်လိုကြောင်း၊ ရေ၊ မီးသုံးစွဲမှု အဆင်ပြေစေရေးအတွက် ရေလိုင်း၊ မီးလိုင်းများ စနစ်တကျသွယ်တန်းထားရှိရေး၊ အားကစားကွင်း/ အားကစားရုံများတွင် ပြည်သူများလာရောက် လေ့ကျင့်နိုင်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။




