အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့ မွန်းလွဲပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှု များအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုရအသင်းအား ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပုသိမ်မြို့တွင် တည်ဆောက်လျက်ရှိသည့် အားကစားနှင့်ကာယပညာသိပ္ပံ ရှိ သင်တန်းသား/သင်တန်းသူအိပ်ဆောင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ စံချိန်၊ စံညွှန်းများနှင့်အညီ တည်ဆောက်ပြီးစီးနိုင်ရေးနှင့် ဆောက်လုပ်ပြီးဖြစ်သည့် မိုးလုံလေလုံ အားကစားရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုးသိန်းအားကစားကွင်းတွင် တပ်ဆင်ဆောင်ရွက် ပြီးစီးပြီးဖြစ်သည့် LED Score Board အား ရေရှည်အသုံးပြုနိုင်စေရေးအတွက် ဆောင်ရွက်နေမှု များနှင့် နိုင်ငံတကာအဆင့်မီရေကူးကန်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရေကူးကန်အား ရေရှည်ထိန်းသိမ်းနိုင်စေရေး၊ ရေကူးသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်စေရေးနှင့် မျိုးဆက်သစ် ရေကူးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူ များကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။






