![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း တပ်ကုန်းမြို့နယ်အတွင်း အားကစားကွင်း ဖောက်လုပ်နိုင်မှုအခြေအနေနှင့် တပ်ကုန်းမြို့နယ် အားကစားကွင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ နယ်မြေ(၁)တွင် အားကစားကွင်းသစ် ဖောက်လုပ်နိုင်ရေး အခြေအနေများအား ကွင်းဆင်းသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် အားကစားကွင်းသစ်ဖောက်လုပ်ရန် လျာထားသော မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး မြေရာဇဝင်၊ မြေပိုင်ဆိုင်မှုနှင့် မြေပုံများကိုစစ်ဆေးကာ အစီရင်ခံစာ ဆက်လက်တင်ပြနိုင်ရေး လိုအပ်သည့် အချက်အလက်များပြုစုရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အားကစားကွင်းကို ကြည့်ရှု စစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြေစေရေး၊ မိုးလုံလေလုံ အားကစားရုံအတွင်း ပျက်စီးနေသည့် ကြမ်းခင်းများအား ပြန်လည်ပြုပြင်နိုင်ရေး၊ အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ အားကစားပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။




