အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအတွက် လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများအား ပြန်လည်ခွဲဝေပေးခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ နှင့် အားကစားအဖွဲ့များအတွက် စေတနာရှင် အလှူရှင်များမှ လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများအား ပြန်လည်ခွဲဝေပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအတွက် စေတနာရှင် အလှူရှင်များက လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများကို (၇)ကြိမ်မြောက် အညီအမျှ ပြန်လည် ခွဲဝေပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ အသက်ဘေးအန္တရာယ် မရှိခဲ့သော်လည်း ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အားကစားကွင်း/အားကစားရုံ အဆောက်အဦများစွာ ထိခိုက်ပျက်စီးခဲ့ရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ အဆင်ပြေ ချောမွေ့စွာဖြင့် ရုံးလုပ်ငန်းများ အမြန်ဆုံး ပြောင်းရွှေ့ဆောင်ရွက်နိုင်စေရေးတို့အတွက် Prefabricated Office များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ယာယီနေထို်ငမှုများ အဆင်ပြေစေရေးအတွက် ဘာရှာများနှင့် Container House များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စု ဝန်ကြီး၏ မှာကြားချက်အတိုင်း ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကလည်း မိမိတို့နေထိုင်သည့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် သီးပင်၊ စားပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသွားရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အလှူရှင်များမှ လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများကို ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနခွဲအသီးသီးမှ ဝန်ထမ်းများအား အညီအမျှ ပြန်လည်ခွဲဝေပေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။