အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန “ ရုံးလုပ်ငန်း(မွမ်းမံ)အမှတ်စဉ်(၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် “ ရုံးလုပ်ငန်း(မွမ်းမံ) အမှတ်စဉ်(၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ(Multipurpose Hall)၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းသဘောတရားများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲ၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ပိုမိုသိရှိနားလည်စေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များ အလိုက် သင်ခန်းစာများကို ဂရုတစိုက် နာယူမှတ်သားခဲ့မည်ဟု ယုံကြည်ပါကြောင်း၊ ယခုဖွင့်လှစ် သင်ကြားပေးခဲ့သည့် ရုံးလုပ်ငန်း(မွမ်းမံ)သင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမများက ဘာသာရပ်များအလိုက် သင်ကြားပို့ချပေးခဲ့သည်များကို မိမိတို့တာဝန်ကျရာဒေသများသို့ ပြန်လည် ရောက်ရှိပါက မိမိတို့၏ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေပေးပြီး အကျိုးရှိရှိ ပြန်လည်အသုံးချ၍ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပိုမိုကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို သင်တန်းမှာသာ သိရှိနားလည်ပြီး မေ့ပျောက်သွားသည်မျိုး မဖြစ်စေရန် အမြဲပြန်လည်ဖတ်ရှု လေ့လာမှတ်သားပြီး အကျိုးရှိအောင် ပြန်လည်အသုံးချ၍ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀)ပါးတွင် ပါရှိသည့်အချက်များကို လေးစား လိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်ပေးသည့် ရာထူး အဆင့်အလိုက် သင်တန်းများကို မပျက်မကွက် တက်ရောက်ကြရန်နှင့် ၎င်းသင်တန်းများတွင် စံပြဆု၊ စစ်ရေးပြဆု၊ သေနတ်ပစ်ဆု၊ စာပေထူးချွန်ဆုနှင့် သင်တန်းသားထူးချွန်ဆုများရရှိပြီး ဝန်ကြီးဌာန၏ ဂုဏ်ဆောင်နိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ်မထားရှိရန်နှင့် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်၊ အဖွဲ့အစည်းစိတ်ဓာတ် ထားရှိပြီး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကိုယ်စွမ်း/ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားအားထုတ်၍ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်း တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစားကဏ္ဍအပြင် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးကိုလည်း ဦးတည်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/ သင်တန်းသူ ၂ ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းတာဝန်ခံ များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး “ ရုံးလုပ်ငန်း(မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၅)” ကို နေပြည်တော်၊ အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall)၌ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်တန်း နည်းပြဆရာ/ ဆရာမ ၁၃ ဦးတို့က သင်တန်းသား ၁၀ ဦး၊ သင်တန်းသူ ၃၂ ဦး၊ စုစုပေါင်း ၄၂ ဦးတို့အား သင်တန်းကာလ ၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




