တောင်ကြီး၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ရောက်ရှိနေသော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်နည်းပြများ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စီမံကိန်းပါလုပ်ငန်းဖြစ်သည့် ပြည်နယ်အားကစားကွင်းအတွင်း Inner Fencing ကာရံခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးကလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး၊ အားကစားကွင်း အမြဲတမ်းစိမ်းလန်းစိုပြေစေရေး တာဝန်ရှိသူများက ဂရုပြုဆောင်ရွက်ရန်နှင့် စနစ်တကျ ထိန်းသိမ်းရန် မှာကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဝူရှူးအားကစားနည်းနှင့် ဗိုဗီနမ်အားကစားနည်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လေ့ကျင့်သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ ၂၀၂၄ခုနှစ်အတွင်း ကျင်းပခဲ့သည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ဝူရှူးအားကစားနည်းမှ နည်းပြနှင့် အားကစားသမားများအား ချီးမြှင့်ငွေပေးအပ်ရာ အားကစားသမားများအတွက် ပြည်ထောင်စုဝန်ကြီးမှလည်းကောင်း၊ နည်းပြများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံ က ကြိုးစားဆောင်ရွက်လျက်ရှိသည့်အပြင်” တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင် စေရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုဖြင့်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” စသည့်အချက်များကို လူမှုရေးဦးတည်ချက်တွင် ထည့်သွင်းဖော်ပြ ထားပြီး၊ အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစွမ်းကုန်အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် အားကစားနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်း များအားလုံး အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် ကိုယ်စီအရည်အသွေး များကို စဉ်ဆက်မပြတ်အမြဲတိုးတက်အောင် လေ့လာဆည်းပူးသွားရန်လိုကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန်(၆)ချက်နှင့် ကျင့်ဝတ်အပါး(၃၀) တို့ကိုလည်း အထူးသတိချပ် လိုက်နာစောင့်ထိန်းရန်လိုကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိ ရေး အတွက်သီးပင်စားပင်များကို ယခုထက်ပိုမိုစနစ်တကျ စိုက်ပျိုးသွားရန်နှင့်လုံခြုံရေးသတိ၊ လုံခြုံရေးအသိများဖြင့် အလေးအနက်ထားဂရုပြု နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့်ပြည်နယ်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်စေရေးအတွက် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး နောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
![](https://mosya.gov.mm/wp-content/uploads/2025/02/7.2.25.1-1024x854.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/7.2.25.2-1024x854.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/7.2.25.3-1024x854.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/7.2.25.4-1024x854.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/7.2.25.5-1024x854.jpg)