အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ် အသီးသီးနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၁)ရက်

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးမှ လက်ရှိဆောင်ရွက် နေသည့် အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်(၀၉း၃၀)နာရီ မှ (၁၈း၀၀)နာရီအထိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)ရှိ ပတ္တမြားခန်းမ၊ သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေး ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက် ကြပါသည်။

အစီအစဉ်အရ အစည်းအဝေးပထမပိုင်းအဖြစ် နံနက်ပိုင်းတွင် လှေလှော်၊ ပီတန်း၊ ခြင်းလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ တင်းနစ်အားကစားအဖွဲ့ချုပ်များ အစည်းအဝေးဒုတိယပိုင်း အဖြစ်မွန်းလွဲပိုင်းတွင် ပြေးခုန်ပစ်၊ ခရစ်ကက်၊ သေနတ်ပစ်၊ ရိုးရာလက်ဝှေ့၊ အလေးမ အားကစားအဖွဲ့ချုပ်များ၊ တတိယပိုင်းအဖြစ် ညနေပိုင်းတွင် ကြက်တောင်၊ ရွက်လှေ၊ စက်ဘီး၊ စစ်တုရင်၊ ကရာတေးအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကအဖွင့်အမှာစကားပြောကြားရာတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ရာ အောင်မြင်မှုရရှိရေးအတွက် လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ ယှဉ်ပြိုင်အောင်နိုင်ရေး ကိစ္စများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစားအောင်မြင် တိုးတက်လာစေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားသမားများ အားကစားစိတ်ဓာတ်မြင့်မားပြီး အားကစားသမားကောင်း အမူအကျင့်ရှိရေးလိုအပ်ကြောင်း၊ တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိအားကစားအဖွဲ့ချုပ်အလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ ဆောင်ရွက်မည့် အစီအမံများ တင်ပြဆွေးနွေးကြရန်၊ လိုအပ်ချက်များတင်ပြကြရန် ပြောကြားလိုကြောင်း၊ ယခု အစည်းအဝေးတွင်တင်ပြချက်များကို စုစည်း၍ အောင်မြင်မှုရရှိရေးအတွက် လိုအပ် သည်များကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့်အဖွဲ့ချုပ်များနှင့်မိသားစုစိတ်ဓာတ်ဖြင့် ရင်းရင်းနှီးနှီးပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းအမှာစကားပြောကြားသည်။

ထို့ကြောင့် အစည်းအဝေးတက်ရောက်လာသောမြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများက ယခင်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်မှ စ၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုအခြေအနေများ၊ မိမိတို့ အဖွဲ့ချုပ်အလိုက် အားကစားသမားများ စိစစ်ရွေးချယ်ဆက်လက်စခန်းသွင်းနိုင်ရေး၊ အရည်အချင်းမီ နည်းပြများတာဝန်ပေးအပ်ရေးနှင့် လေ့ကျင့်ရေးကိစ္စများ စခန်းသွင်းအားကစားသမားများအတွက် အင်အားဖြည့် စားသောက်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများ အချိန်မှီသယ်ယူရရှိနိုင်ရေး အားကစားသမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရေးအတွက်ဌာနအသီးသီး၌ ဝန်ထမ်းအဖြစ်ခန့်အပ်ထားနိုင်ရေး ကိစ္စရပ်များ၊ Joint Training ပူးတွဲသွားရောက် လေ့ကျင့်နိုင်ရေးကိစ္စရပ်များ၊ အောင်မြင်မှု ရရှိခဲ့သောနိုင်ငံဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေအပြင် မိသားစုနောင်ရေးအတွက်နေထိုင်နိုင်ရန် ပံ့ပိုးပေးရန်ကိစ္စရပ်များ၊ အားကစားသမားများ နည်းပြများအောင်မြင်မှုရရှိခဲ့လျှင် နိုင်ငံတော်မှထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးအပ် သလိုအောင်နိုင်ရေးရရှိရေးအတွက်အဖက်ဖက်မှပံ့ပိုးကူညီဆောင်ရွက်ပေးနေကြသောအဖွဲ့ချုပ်ဥက္ကဌတို့အားလည်းနိုင်ငံတော်မှဂုဏ်ပြုချီးမြှင့်ပေးရန်ကိစ္စများနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ စည်းမျဥ်းစည်းကမ်းများနှင့်အညီ သတ်မှတ်စံချိန်စံနှုန်းပြည့်မှီအောင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး အတွက် လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် အိမ်ရှင်နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးရန် အချက်များ၊ နည်းစနစ်ပိုင်းနှင့် နည်းပြတာဝန် ပေးအပ်ရေးကိစ္စများ၊ လိုအပ်သည့်အထောက်ကူပစ္စည်း ပြည့်စုံစွာဖြည့်ဆည်းပေးမည့်ကိစ္စများ၊ ပြိုင်ပွဲ အတွေ့အကြုံ ရရှိရေးအတွက် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ရေးနှင့် ပူးတွဲ လေ့ကျင့်ရေးကိစ္စများအောင်မြင်မှု အပေါ်မူတည်၍ ဂုဏ်ပြုချီးမြှင့်နိုင်‌ရန်အတွက် တင်ပြဆောင်ရွက်နိုင်ရေးကိစ္စများအား အသေးစိတ်ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။