အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊၂၀၂၅-၂၀၂၆ ပညာသင်နှစ်အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
တောင်ကြီး၊ ဇွန်( ၃ )
ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင်ရောက်ရှိနေသောမြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ Jeng Phang နော်တောင်သည် အားကစားနှင့်ကာယ ပညာသိပ္ပံ(တောင်ကြီး)၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး၊ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းအကျိုး တော်ဆောင် အလှူရှင်များတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အားကစားနည်းအလိုက်တက်ရောက်ကြမည့် သင်တန်း သား/သင်တန်းသူများမှ ဂါရဝပြုမိတ်ဆက်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုမှသည် မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီး နိုင်ငံတော်က ဘဏ္ဍာငွေအကုန်အကျ ခံကာ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ပါကြောင်း၊ လက်ရှိအနေဖြင့်အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)အပါအဝင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ( ၆ )ကျောင်းအထိတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများဖွင့်လှစ်မှုကြောင့် နိုင်ငံတော်က ငွေကုန်သလောက်အကျိုးရှိအောင် ကြိုးစား လုပ်ဆောင်ကြဖို့လိုအပ်ပါကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားရေးအတွက် အရေး အကြီးဆုံးလိုအပ်ချက်မှာ အားကစားသမား မျိုးဆက်မပြတ်ရေးဖြစ်သည့်အတွက် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် Grade-11 အထိအားကစားနည်း( ၇ )နည်း၊ သင်တန်းသား/သင်တန်းသူ (၉၁)ဦးဖြင့် လေ့ကျင့်သင်ကြားခဲ့ရာက ယခုပညာသင်နှစ်မှာ Grade-12အထိ၊ သင်တန်းသား/ သင်တန်းသူ(၁၂၀)ဦးနဲ့ လျာထားဖွင့်လှစ်သွားမှာဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများမှGrade-12အောင်မြင်သောကျောင်းသားများအားဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် Naypyitaw State Academy တို့တွင်ဖွင့်လှစ်သည့် သိပ္ပံဘွဲ့ အားကစားအထူးပြု B.Sc( Sport ) အတန်းသို့တိုက်ရိုက်တက်ရောက်ခွင့်ရရှိကြမှာဖြစ်တဲ့အတွက်လေ့ကျင့်ရေးပိုင်းမှာနိုင်ငံတော်ကအားထားရတဲ့နိုင်ငံ့လက်ရွေးစင်အားကစားသမားများဖြစ်လာရုံသာမကပညာရေးပိုင်းမှာပါ နှစ်အလိုက် အောင်ချက်ရာခိုင်နှုန်းများ တိုးတက်လာစေရန် အောင်မြင်မှုအခြေခံ” စ “ ခုနှစ်လုံးဆောင်ရန် ဆိုတဲ့အတိုင်း စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်း၊ စံနှုန်းများဖြင့်ပြည့်စုံသူများ ဖြစ်အောင် ကျောင်းအုပ်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ၊ နည်းပြများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလှူဒါန်းသည့် အားကစားအထောက်အကူပြု ပစ္စည်းများ၊ ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေနှင့် သင်တန်းသား/သင်တန်းသူများ စားသုံးရန် ဆန်နှင့်ဆီများပေးအပ်လှူဒါန်းရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အလှူရှင်များကပေးအပ်သည့် အလှူငွေများအားလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ပြီးနောက်ခင်းကျင်းပြသထားသည့်အားကစားအထောက်အကူပြုပစ္စည်းများအားလှည့်လည်ကြည့်ရှု ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘက်စုံသုံးခန်းမ၌ ကျောင်းအုပ်ကြီးနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြားရာတွင်နိုင်ငံတော်အနေဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံကကြိုးစား ဆောင်ရွက်လျက်ရှိသည့်အပြင်” တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်စေရေးအတွက် ပြည်သူအားလုံးနှင့်အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌လူငယ်များ အနေဖြင့်အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးစသည့်အချက်များကို လူမှုရေးဦးတည်ချက်တွင် ထည့်သွင်း ဖော်ပြထားပြီး၊ အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစွမ်းကုန်အားပေး ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်နှင့်ကျင့်ဝတ် အပါး(၃၀)တို့ကိုလည်း အထူးသတိချပ်လိုက်နာစောင့်ထိန်းရန်နှင့် မိမိတို့၏ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားစေရန်၊ ကိုယ်စီအရည်အသွေးများ တိုးတက်အောင် အမြဲလေ့လာဆည်းပူးသွားကြရန်မှာကြားခဲ့ပြီး၊ မီတာ(၄၀၀)ပြေးလမ်းပါဘောလုံး ကွင်း၊ ဂျူဒို၊ တိုက်ကွမ်ဒိုအားကစားရုံ၊ သင်တန်းသား/သင်တန်းသူအိပ်ဆောင်၊ စာသင်ကျောင်း၊ သင်တန်းသားစားရိပ်သာနှင့် ကျောင်းဆေးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာလိုအပ်သည် များမှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍အဖွင့်အမှာစကားပြောကြားရာတွင်ယခုလို ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများကို ပြည်နယ် နှင့် တိုင်းအလိုက် အလှည့်ကျကျင်းပပေးရတဲ့ ရည်ရွယ်ချက်မှာအားကစားသမားအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ချစ်ကြည်ရင်းနှီးမှုခိုင်မာ လာစေရေး၊မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေးနဲ့ဘော်လီဘောအားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားကစားကြစေခြင်းဖြင့် ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက်ပဲ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်အနေနဲ့ ယခင်ကတည်းကနိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများရယူပေးခဲ့တဲ့ အားကစားနည်းတစ်ခု ဖြစ်တဲ့အတွက် ယခုကျင်းပပြုလုပ်မယ့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများမှတဆင့် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ခြင်းဖြင့်၊ မြန်မာ့ဘော်လီဘောအားကစားနည်း ပြန်လည်ဦးမော့လာစေရေးတာဝန်ရှိသူများအားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်း မှာကြား၍ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ပြီး၊ပြည်ထောင်စုဝန်ကြီး၊ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကပြိုင်ပွဲဝင်အားကစားသမားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ တိုင်းရင်းသား ရိုးရာအကအဖွဲ့နှင့် ဘင်ခရာတပ်ဖွဲ့တို့အား ဂုဏ်ပြုငွေများပေးအပ်ကာ နေပြည်တော်တိုင်းဒေသကြီး အမျိုးသားဘော်လီဘောအသင်းနှင့် ကယားပြည်နယ်အမျိုးသားဘော်လီဘောအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှုအားပေးခဲ့ကြရာ နေပြည်တော်တိုင်းဒေသကြီးအမျိုးသား အသင်းကကယားပြည်နယ် အမျိုးသားအသင်းကို( ၃ )ပွဲ၊ ( ၂ )ပွဲဖြင့် အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။







