အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော်၊ မေ ၃၀

ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာ စကား‌ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ခန္ဓာကိုယ်အလေးချိန် လျော့ချစေပြီး ကိုယ်အလေးချိန်နှင့် အရပ်ညီမျှမှုရှိစေလိုကြောင်း၊ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝ‌ရရှိစေရေးအတွက် ယခုလို အလုပ်ရုံဆွေး‌နွေးပွဲများ မဖြစ်မနေ ကျင်းပပေးရခြင်းဖြစ်ကြောင်း‌၊ ဝန်ထမ်းများအနေဖြင့် BMI ( Body Mass Index ) ခန္ဓာကိုယ်အလေးချိန် ညွှန်းကိန်း ညီမျှရန် လိုအပ်ကြောင်း၊ မိမိတို့ခန္ဓာကိုယ်သည် ဓါတ်ကြီး(၄)ပါးဖြင့် ဖွဲ့စည်းထားသောကြောင့် ပထဝီ၊ တေဇော၊ အာဘော၊ ဝါယော မျှတရန် အထူး လိုအပ်ကြောင်း၊ ဆေးပညာအရ အဝလွန်ခြင်းသည် နှလုံး၊ သွေးတိုးရောဂါများ ဖြစ်စေကြောင်း၊ ဆီးချို ရောဂါမထိန်းသိမ်းနိုင်လျှင် နောက်ဆက်တွဲရောဂါများဖြစ်သော အာရုံကြောနှင့် ကျောက်ကပ် ထိခိုက်စေ နိုင်ကြောင်း၊ ယခုလို အလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့ ခံစားနေမှုများကို မချွင်းမကျန် ဆွေးနွေးစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လျှော့(၃)လျှော့ ဖြစ်သော အဆီ၊ အဆိမ့်၊ အချို လျော့စားစေလိုကြောင်း၊ ဖြတ်(၃)ဖြတ် ဖြစ်သော ဆေးလိပ်၊ ကွမ်းယာ၊ အရက် ဖြတ်စေလိုကြောင်း၊ ဆောင်(၃)ဆောင် ဖြစ်သော ရုပ်၊ စိတ်၊ အာဟာရပြည့်ဝစေလိုကြောင်း၊ နေ့စဉ်နံနက်ပိုင်း လေရှူလမ်းလျှောက်စေလိုကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒဖြစ်သောကြောင့် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးက ဆွေးနွေးတင်ပြရာတွင် ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝ ရရှိစေရန် အဝလွန်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများကို သိရှိစေရန်လိုကြောင်း၊ ကျန်းမာရေးအတွက် ကိုယ်အလေးချိန် လျှော့ချရန်လိုကြောင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျှတသော အစားအသောက်ပုံစံ များ သိရှိရန်လိုကြောင်း၊ ဆီးချို/သွေးတိုးရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သော အမူအကျင့်များ သိရှိစေရန်အတွက်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ အာဟာရပညာရှင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြေးမုံထွေးက ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝများ ပိုင်ဆိုင်နိုင်ရန်အတွက် အာဟာရဓာတ် မျှတသော အစားအစာများကို ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံဖြင့် စားသုံးနည်းပုံစံများအား လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးပညာရှင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲဖြိုးက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုနှင့် အီလက်ထရောနစ် အငွေ့ရှူစက် (Vape)အန္တရာယ်များအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ပညာရေး ပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာက ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝများ ပိုင်ဆိုင်နိုင်ရန် အတွက် ” ကြံ့ခိုင်ကျန်းမာနေ့ရက်များစွာ ” စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး ဖလှယ်ခဲ့ကြပြီး ဆွေးနွေးပေးခဲ့သည့်ပညာရှင်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။