အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိအားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူ များနှင့်အတူ နေ့လယ်စာစားသုံး
ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၂)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိ ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံ တွင်ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော အနောက်တိုင်းလှေ၊ ရိုးရာ လှေနှင့် ကနူး/ကယက်လှေလှော် အားကစားသမားများ ၊ နည်းပြများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အောင်မြင်မှုရရှိရန်အတွက် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာဖြင့် စံချိန်ကောင်းများရရှိအောင် ကြိုးစားအားထုတ်ကြရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရိုသေလေးစားချစ်ခင်ပြီး တက်အကုန်ဖွင့်၍ တက်ညီလက်ညီလှော်ခတ်ကြရန်၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ အောင်မြင်မှုများရရှိအောင် အစွမ်းကုန်ကြိုးစားကြရန်မှာကြားပြီး စားရိပ်သာ ၊ လှေများ ထိန်းသိမ်းထားသော နေရာ၊ အမျိုးသား/အမျိုးသမီးအိပ်ဆောင်တို့ကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြား ၍ အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်၍ အဖွဲ့ချုပ်ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ကြပြီး အားကစားသမားများ လေ့ကျင့်နေမှုကိုကြည့်ရှု၍ တာဝန်ရှိသူများ နှင့် အားကစားအောင်မြင်ရေးအတွက်ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စမ်းချောင်းပဒုမ္မာအားကစားကွင်းသို့ ရောက်ရှိ၍ အားကစားကွင်း စိမ်းလန်းစိုပြေစေရေး လိုအပ်သည်များမှာကြားပြီး ဝူရှူး လေ့ကျင့်ရေးရုံကို ရောက်ရှိစစ်ဆေးရာ အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူ တို့က ကြိုဆိုကြပြီး ဝူရှူးအားကစားတိုးတက်မြင့်မားရေးနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက်ဆွေးနွေးမှာကြားခဲ့သည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျုံးကြီးလမ်းရှိ ကြက်တောင်အားကစား ရုံသို့ ရောက်ရှိ၍ မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်ဥက္ကဌ နှင့် တာဝန်ရှိသူ များနှင့် အတူ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အတွက် ပဏာမ လက်ရွေးစင် အားကစားသမားရွေးချယ်ယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအားပေးပြီး အားကစားသမားများ ကို နှုတ်ဆက် အားပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ အောင်ဆန်း အားကစားပြိုင်ဝင်းတွင် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘိလိယက် နှင့်စနူကာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်တို့မှ ဥက္ကဌ ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများကို တွေ့ဆုံနှုတ်ဆက်၍ အားကစားသမားများ၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိရန် စိတ်ဓာတ်မြင့်မြင့်မားမားဖြင့် စည်းကမ်းရှိပြီး စံချိန်စံနှုန်းများ ကောင်းမွန်အောင် ဆောင်ရွက်ရန် မိမိ မိသားစု ၊ အဖွဲ့ချုပ်၊ ဌာနနှင့် နိုင်ငံတော်အပေါ် သစ္စာရှိပြီး ဂုဏ်ဆောင်နိုင်အောင် ဆောင်ရွက်ကြရန်မှာကြားပြီး အောင်ဆန်းအားကစား ပြိုင်ဝင်းနှင့် မိုးလုံလေလုံ အားကစားရုံတို့ကိုကြည့်ရှုစစ်ဆေးပြီး နိုင်ငံဂုဏ်ဆောင်ပြေးခုန်ပစ် အားကစား သမားဟောင်း များကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)စားရိပ်သာသို့ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ နေ့လယ်စာအတူတကွစားသုံးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ သွားရောက်ပြီး ပရိသတ်(၄၅၀)ဆံ့ RC-2 နှစ်ထပ် ပွဲကြည့်စင် ဆောက်လုပ်ပြီး စီးမှုနှင့်ရေကူးကန်ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပွဲကြည့်စင် စံချိန်စံညွှန်းမီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် ရေကူးကစားသမားများ စိတ်ချမ်းမြေ့စွာ ကစားနိုင်ရေး အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိရာ အဖွဲချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများက ကြိုဆို၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများ လေ့ကျင့်ပစ်ခတ်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည် များမှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်သို့သွားရောက်ပြီး (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းသွင်းထားသော အားကစားနည်း (၁၂)နည်းမှ အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင် နိုင်ရေးကို ဆက်လက်ကြိုးစားကြရန် အားပေးစကား ပြောကြားခဲ့ပြီးနောက် ဆေးခန်း/ စားရိပ်သာများကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမ၌ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို အဖွဲ့ချုပ်တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မသန်စွမ်း၊ ပြေးခုန်ပစ်၊ အားကစားကွင်း Synthetic ပြေးလမ်းပြုပြင်နိုင်ရေးအတွက် မှာကြားခဲ့ပါသည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့သိုင်းသင်တန်းကျောင်းတွင် လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြသမှု များကို ကြည့်ရှုအားပေးပြီး ခင်းကျင်းပြသထားသော ပြိုင်ပွဲအထောက်အကူပြုပစ္စည်းများ အား ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအမှာ စကားပြော ကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်း ရွှေပင်လုံ ရှိ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်းသို့ရောက်ရှိရာ အဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူတို့မှ ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားသမားများလေ့ကျင့်နေမှုကို ကြည့်ရှုအား ပေးပြီး အဖွဲ့ချုပ် မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲအောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း(၁)နှင့်(၂) တို့၌ ISPE ဘောလုံး အသင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းမှ ပြေးခုန်ပစ်အားကစားသမား များနှင့် ဘောလုံး(ကျား/မ) အသင်းတို့ လေ့ကျင့်နေမှုများအား ကြည့်ရှုပြီး လိုအပ်ချက်များ ကို မှာကြားပြီးနောက် ကျွမ်းဘား အားကစားရုံသို့ ရောက်ရှိရာ နာယကနှင့်တာဝန်ရှိသူတို့က ကျွမ်းဘားအားကစားနည်း တိုးတက်ပြန့်ပွားရေးနှင့် အတွက် ဆောင်ရွက်နေမှုများအား တင်ပြ ဆွေးနွေးပြီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ နှင့် တာဝန်ရှိသူများကို တွေ့ဆုံပြီး လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ ရွေးချယ် မည့် အားကစားသမားများ၏ အရပ်အမောင်းကောင်းမွန်ရေး ၊ ဘတ်စကက်ဘောအားကစား အဆင့်အတန်းပိုမိုမြင့်မားလာစေရေးတို့ကို ကြိုးစားဆောင်ရွက်သွားရန် ပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။








