အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ဥက္ကဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ


ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၀)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)သို့ ရောက်ရှိပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။


ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်အောင် မှ အမှတ်တရ လက်ဆောင်အား မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) အထွေထွေမန်နေဂျာ သို့အား လည်းကောင်း၊မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်သောင်းမှ ကျင်းအမှတ်(၅)တွင် Hole in One ဆုရရှိသော ဦးသန်းထွန်း အားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကိုအေး မှ ၂၀၂၅ခုနှစ်၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်ဥက္ကဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အကောင်းဆုံး Best Amateur Player ဆုကို စုစုပေါင်းရိုက်ချက် (၂၈၉)ဖြင့် ဆုရရှိသွားသော ဇော်ဇော်ထွန်း အား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ Senior Pro ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် (၂၂၁) ဖြင့် တတိယရရှိသွားသော ဦးမြင့်သောင်း၊ Senior Pro ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် (၂၁၇) ဖြင့် ဒုတိယရရှိသွားသော စိုးကျော်နိုင်(Taylormade) ၊ Tour Pro ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် (၂၈၁) ဖြင့် တတိယရရှိသွားသော မျိုးဝင်းအောင် နှင့် Tour Pro အဆင့်တွင် စုစုပေါင်းရိုက်ချက် (၂၈၀) ချက်ဖြင့် ဒုတိယဆုရရှိ သွားသော သီဟဌေး (HAN Golf Masters) တို့အားလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးဗိုလ်ဌေး မှ Senior Pro အဆင့်တွင် စုစုပေါင်းရိုက်ချက် (၂၀၅) ချက်ဖြင့် ပထမဆုရရှိသွားသော မင်းနိုင်အားလည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မှ၂၀၂၅ခုနှစ်၊ မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ် ဥက္ကဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro အဆင့်တွင် စုစုပေါင်း ရိုက်ချက်(၂၇၉) ချက် ဖြင့် ပထမဆုရရှိသွားသော နိုင်နိုင်လင်း အား ဆုဖလားနှင့်ဆုကြေး ငွေချက်လက်မှတ်ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူး ခဲ့ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့တော်ဂေါက်ကွင်းအစည်းအဝေးခန်းမ တွင် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကဌ ဦးကိုကိုအေး ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊ အမှုဆောင်တို့ နှင့်တွေ့ဆုံ၍ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးနှင့်ပတ်သက်၍ အဓိကဦးတည်ချက်ထားပြီး ယှဉ်ပြိုင် စေလိုကြောင်း၊ အောင်နိုင်ရေးအတွက် အားကစားဆေးပညာ၊ အားကစားစိတ်ပညာရပ်နှင့် ဂေါက်သီးရိုက်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရိုက်ချက်စံချိန်စံနှုန်းများ ပိုမိုကောင်း မွန်အောင် ယှဉ်ပြိုင်ကစားသွားကြရန် အထူးလိုအပ်ပါကြောင်း ၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များကို အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။


ယင်းနောက် အဖွဲ့ချုပ်ဥက္ကဌနှင့်တာဝန်ရှိသူတို့က အဖွဲ့ချုပ်၏ ဆောင်ရွက်နေမှု များ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အခြေအနေများနှင့်ပတ်သက်၍အသီးသီး တင်ပြ ဆွေးနွေးရာညွှန်ကြားရေးမှူးချုပ်နှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး တို့မှ ဖြည့်စွက် ဆွေးနွေး ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမသို့ရောက်ရှိ၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး နှင့် သက်ဆိုင်ရာဌာနစိတ်များမှ ဝန်ထမ်းများ၏ တင်ပြချက်များကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်းဖြေကြား ပြီး ပြည်ထောင်စုဝန်ကြီးမှအမှာစကားပြောကြားရာတွင် ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀) ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရေးအတွက် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ဆောင်ရွက် သွားရန်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူ များ အားကစား အဆင့်အတန်း တိုးတက်လာစေရေးနှင့် အားကစား စိတ်ဓာတ်ပြည့်ဝစေရေး၊ လေ့ကျင့်ရေးလုပ်ငန်းစဉ် နှင့်ပတ်သက်ပြီး နည်းစနစ်ပိုင်းနှင့် စံချိန်စံညွှန်းအပိုင်းများကို အထူးဂရုစိုက်၍ စနစ်တကျ ဆောင်ရွက်ကြရန် ၊ လူငယ်ရေးရာ ကဏ္ဍများ၊ ပညာရေး၊ ယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့သည် ဆက်စပ်မှုများ ရှိသည့်အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ စိတ်ဓာတ်စည်းကမ်း စံချိန်ဆောင်ပုဒ်ကိုအထူးမှတ်သား၍ အားကစားအဆင့်အတန်း မြင့်မားတိုးတက်အောင် အထူးစွမ်းဆောင်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်တာ များ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများအား နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့် အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း အထူးသတိချပ် လိုက်နာစောင့်ထိန်း၍ မိမိတို့ကျရာ အခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


ထို့နောက် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်းသို့ ရောက်ရှိ၍ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-12 နှစ်ဆုံးစာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အား ကြပ်မတ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။