အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂ဝ၂၅)သို့ တက်ရောက်

နေပြည်တော်၊ မတ်(၄)

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက In Person စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရာတွင် လူငယ်ဖွံ့ဖြိုးတိုတက်ရေး လုပ်ငန်းစဥ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် လူငယ်စင်တာများ ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေးအတွက် ဘဏ္ဍာနှစ် အလိုက် ဘတ်ဂျက်များ လျာထားရေးဆွဲဆောင်ရွက်သွားစေလိုကြောင်း၊ လူငယ်စင်တာများ ဖွင့်လှစ် ပေးခြင်းသည် လူငယ်များ၏ အနာဂတ်ကို ပုံဖော်ပေးရာတွင် လူငယ်ရေးရာကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်းနှင့် လူငယ်များ ခေါင်းဆောင်မှုစွမ်းအင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လေ့ကျင့်ပျိုးထောင်ပေးသည့် နေရာတစ်ခုလည်းဖြစ်ပါကြောင်း၊ တိုင်းပြည်၏ လုပ်ငန်း တာဝန်များကို ပခုံးပြောင်း တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအား ဗလငါးတန်နှင့် ပြည့်စုံပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့် လူငယ်များဖြစ်စေရန်အတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုကြောင်း၊ လူငယ်ရေးရာမူဝါဒကို လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာမှ ဦးစားပေးဆောင်ရွက်ရန် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ် (၅၈)ခု ဆောင်ရွက်ရန် (၁၂၁ )ချက်တို့အား လက်ရှိအတိုင်း ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက် ပေးသွားစေလိုကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ပါဝင်သည့် အဓိကကဏ္ဍ(၁၆) ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ခရိုင် / မြို့နယ် လူငယ်ရေးရာကော်မတီများသည် အခြေခံကျသည့် အဖွဲ့အစည်းဖြစ်ပြီး ဖွဲ့စည်းရန်ကျန်ရှိသည့် ခရိုင် / မြို့နယ် ကော်မတီများကို စနစ်တကျ ဖွဲ့စည်းသွားရန်အပြင် ကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်း အဖွဲ့ဝင်များအနေဖြင့် ထဲထဲဝင်ဝင် သိရှိနားလည်ပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များတွင် လျင်လျင် မြန်မြန် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ လူငယ်များအနေဖြင့် ယခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန် ကင်းထောက်သင်တန်းများ၊ လူငယ်များ အကျိုးရှိစေမည့် ကဏ္ဍစုံမြှင့်တင်ပေးနိုင်ရေးသင်တန်း များနှင့် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တာဝန်ရှိ သူများက စနစ်တကျ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိခိုက်လွယ်အုပ်စုများတွင် ပါဝင်သည့် ဆင်းရဲနွမ်းပါးသော အသက် (၁၅)နှစ်မှ (၃၅)နှစ်ကြား လူငယ်များအား အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရန် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ ကော်မတီဝင်များအပြင် လူငယ်ကိုယ်စားလှယ်များ တက်ရောက် နိုင်ရေးအတွက် ဖိတ်ကြားသွားမည်ဖြစ်ပြီး ဆက်စပ်အစီအစဥ်များဖြစ်သည့် လူငယ်ဖိုရမ်နှင့် လေ့လာရေး အစီအစဥ်များကို ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့် မသန်စွမ်းသူများနေ့ အထိမ်း အမှတ် အားကစားပြိုင်ပွဲများကိုလည်း ခမ်းခမ်းနားနားကျင်းပပြုလုပ်သွားကြရန် ကော်မတီဝင် များအား တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံ၏ အနာဂတ်ကြယ်ပွင့်များဖြစ်သည့် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုဖြစ်ပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးသွားရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)၏ အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးတက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များက လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက် နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။