အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ အောက်တိုဘာလ ၁၅ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ် ဖွင့်ပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဝေလင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ် ‌ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစား သမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား အစီအစဉ်အရ ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားသမားများက သတ်မှတ်ထားသောနေရာများတွင် နေရာယူပြီး နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးတို့က ပုသိမ်မြို့ အဆင့်မြင့်ရေကူးကန်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရေကူးကန် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ အားကစားတိုးတက်မြင့်မားရေးအတွက် အဓိကကျတဲ့ အားကစားကွင်း၊ အားကစားရုံများနှင့် အဆင့်မြင့်ရေကူးကန်များကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ (၁၀.၅.၂၀၂၁ ) ရက်မှာပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၁) မှာ “Spike ဖြင့် ပြေးနိုင်တဲ့ မီတာ(၄၀၀)ရာဘာပြေးလမ်းနဲ့ ပွဲကြည့်စင်ပါသည့် နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ၊ Indoor Games များကစားနိုင်သည့် မိုးလုံလေလုံ အားကစားကွင်းများနှင့် ဒိုင်ဗင်ထိုးစင်ပါသည့် ရေကူးကန်များကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောက်လုပ်ပေးရန်” လမ်းညွှန်မိန့်ကြားခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ပုသိမ်အဆင့်မြင့် ရေကူးကန်သည် မြေဧရိယာ (၁.၇၈၉)ဧက အပေါ်မှာ အလျား(၃၈၀)ပေ၊ အနံ(၁၄၀)ပေ၊ အမြင့်(၅၄)ပေ ဆောက်လုပ်ထားပြီး ကူးလမ်း(၁၀)ခုပါ အလျား (၅၀)မီတာ၊ အနံ(၂၅)မီတာရေကူးကန်နဲ့ (၂၅)မီတာ ပတ်လည် ကျယ်ဝန်းသည့် ဒိုင်ဗင်ကန်တို့ကို ထည့်သွင်းဆောက်လုပ်ထားပါကြောင်း၊ ကန်ရဲ့ဘေး နှစ်ဖက်မှာ ပရိသတ်(၁၅၉၇)ဦးဆံ့ ထိုင်ခုံများ ထည့်သွင်း တပ်ဆင်ထားပြီး အဆင့်မီရေသန့်စင် စနစ်များနဲ့ LED Score board၊ အဝတ်လဲခန်းများထည့်သွင်း တည်ဆောက်ထားတာဖြစ်ပါ‌ကြောင်း ၊ ရေကူးကန်မှာ ရေဂါလံ (၅၅၀,၀၀၀)၊ ဒိုင်ဗင်ကန်မှာ ရေဂါလံ(၆၈၀,၀၀၀) ဝင်ဆံ့ပြီး ရေကူးကန်ကို နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၄၅၅၆.၈၁၀)သန်း အကုန်အကျခံကာ ဒီဇိုင်းမန္တလေးကုမ္ပဏီက တစ်နှစ်ကြာ တည်ဆောက် ထားခဲ့ပါကြောင်း၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန် ၊ ဇေယျာသီရိရေကူးကန်တို့ပြီးလျှင် မြန်မာနိုင်ငံမှာဒုတိယအဆင့်မြင့်ဆုံး ရေကူးကန်ဖြစ်ပါကြောင်း၊ ရေကူး၊ ဒိုင်ဗင်အားကစားနည်းသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစား နည်းပြီးလျှင် ဒုတိယ ရွှေတံဆိပ်အများဆုံး အားကစားနည်း ဖြစ်သည့်အတွက် ရေကူးအားကစားနည်း ပြန်လည်ဦးမော့ လာစေရေးအတွက် အဆင့်မီရေကူးကန်များ တည်ဆောက်ပေးလျက်ရှိသလို အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် မန္တလေးတို့တွင် ထည့်သွင်းသင်ကြား လေ့ကျင့်ပေးခြင်း၊ ရေကူးကလပ်များကို အားပေးပံ့ပိုးခြင်း၊ ရေကူးနည်းပြသင်တန်းနှင့် ရေကူးအခြေခံ/ အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒါကြောင့် ရေကူးအားကစားနည်းကို နည်းစနစ်တကျ ပြန့်ပွားလာအောင် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာအောင် တာဝန်ရှိသူများအားလုံးက ဆက်လက်ဆောင်ရွက် ပေးကြရန် မှာကြားခဲ့သည်။

ထို့နောက် အဆင့်မြင့်ရေကူးကန် တည်ဆောက်ရေးကုမ္ပဏီမှ အဆောက်အဦများအား လွှဲပြောင်းပေးအပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက လက်ခံရယူခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေဖြင့် ပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဒိုင်ဗင်သရုပ်ပြပွဲ နှင့် အမျိုးသား/အမျိုးသမီး မီတာ(၅၀)အလွတ်ကူးရေကူးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားမှုအားကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။