အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစား တိုးတက်မြင့်မားလာစေရေး နှင့်အဆင့်အတန်းမီ နည်းပြနှင့်ဒိုင်လူကြီးများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသည် ကမ္ဘာမှာ မြန်မာလူမျိုးများသာ ကျွမ်းကျင်စွာကစားတတ်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာတိုးတက်မြင့်မားလာပြီး ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာကို စနစ်တကျသင်ကြားရေးနှင့် စည်းမျဉ်း/စည်းကမ်းများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လာသည့်အတွက် ယခုလိုနည်းပြ၊ ဒိုင်သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အမျိုးသားအားကစားပြိုင်ပွဲများ ကျင်းပရန် စီစဉ်ဆောင်ရွက်နေသည့်အတွက် စာသင်ကျောင်းများမှ အလားအလာရှိသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန်နှင့် သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဆရာများအနေဖြင့်လည်း စာသင်ကျောင်းများတွင် သင်တန်းများဖွင့်လှစ်မည်ဆိုပါက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း၊ ခြင်းလုံးခတ်ပညာသည် မြန်မာလူမျိုးများ၏ မူပိုင်အားကစားတစ်ရပ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အလယ်မှာ ခြင်းလုံးပညာကို ပြိုင်ပွဲအသွင်နှင့် နည်းစနစ်မှန်ကန်စွာ ခတ်ကစားပြသခဲ့ပြီး ဆက်လက်တိုးတက် ပြန့်ပွားနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှလည်း လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းဆရာများ မှ သင်ကြားပို့ချပေးသည့် စာတွေ့/လက်တွေ့သင်ခန်းစာများကို ဂရုတစိုက်လေ့လာ မှတ်သား လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာ့ခြင်းလုံးပညာသည် အာရှမှာတင်မက ဥရောပနှင့် အနောက်နိုင်ငံများအထိပါ ပျံ့နှံ့ခတ်ကစားနေကြပြီဖြစ်ပါကြောင်း၊ ခြင်းလုံးခတ်ကစားခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းမှု၊ စုပေါင်းလုပ်ဆောင်သည့်ဓလေ့ကောင်းများနှင့် စည်းလုံးညီညွတ်မှုကြောင့် ရလဒ်ကောင်းများကိုလည်း ခံစားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြသည်။

ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂)ရက်မှ (၉)ရက်အထိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ သင်တန်းသား/ သင်တန်းသူ (၄၈)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။