အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် “ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် အ၊ထ၊က အေလာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊နေပြည်တော်ကောင်စီဝင်များ၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လယ်ဝေး မြို့နယ် အ၊ထ၊က အေလာမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မေယဉ်မွန်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား/ကျောင်းသူများက “ ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကအဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်သည် အလွန်အရေးကြီးကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်/လူရွယ်များအား ကဏ္ဍပေါင်းစုံတွင် တိုးတက်မြင့်မားအောင် ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊

လူငယ်အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်များအနေဖြင့် စိတ်ဓာတ်ခွန်အား ကောင်းမွန်မှုရှိမှသာ ပညာရေးပိုင်းမှာသာမက လုပ်ငန်းပိုင်းများတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်သူသည် အနာဂတ်တွင် ယုံကြည်မှုရှိပြီး ပြဿနာ များနှင့် ကြုံတွေ့လာပါက ဉာဏ်ပညာဖြင့် ဖြေရှင်းနိုင်သူများဖြစ်ကြောင်း၊ နိုင်ငံ့အနာဂတ်အား ပုခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် လူငယ်/လူရွယ်များအနေဖြင့် စိတ်ဓာတ်ခွန်အားကောင်းသည့် လူငယ် များ ဖြစ်လာစေရန် စာအုပ်စာပေကောင်းများကို လေ့လာဖတ်ရှုမှတ်သားသွားရန် တိုက်တွန်းပြောကြား လိုကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးသည် လူငယ်/လူရွယ်များအား လူတော်၊ လူကောင်းများ ဖြစ်လာနိုင်စေပြီး ယဉ်ကျေးလိမ်မာသူများ၊ ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာရှိသူများ၊ အတွေးအခေါ်ကောင်း များနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူများ ဖြစ်လာနိုင်ပြီး အောင်မြင်သူများ ဖြစ်လာနိုင် မည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်ဝပြီး အသိဉာဏ်ပညာပြည့်စုံသည့် ကျောင်းသား/ကျောင်းသူများ သည် နိုင်ငံ၏အနာဂတ် အင်အားများပင်ဖြစ်သည့်အတွက် မိမိနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြုပြီး လူမှုအသိုက်အဝန်း တွင် ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံတော်မှအားကိုးအားထားပြုရသည့် ကျောင်းသား/ကျောင်းသူများ ဖြစ်အောင် ဆက်လက်ကြိုးစားသင်ယူသွားကြရန်လိုကြောင်း၊

ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းအလေ့အထ ပျိုးထောင်ရန် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်၊ သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာရန် တိုက်တွန်း လိုကြောင်းပြောကြားပြီး အ၊ထ၊က အေလာ‌ အခြေခံပညာအထက်တန်းကျောင်းအတွက်အလှူငွေနှင့် အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုး(တိရိစ္ဆာန်ဆရာဝန်)အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လူငယ်အသိပညာ‌ပေးဟောပြောပွဲများ ကျင်းပပေးရခြင်းသည် ကျောင်းသား/ကျောင်းသူ လူငယ်များ ဘဝတိုးတက်အောင်မြင်အောင် စိတ်ဓါတ် မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ့အနာဂတ်အတွက် ရေရှည် မျှော်မှန်းပြီး ရင်းနှီးမြှပ်နှံခြင်းဖြစ်ကြောင်း အသေးစိတ်အမှာစကားပြောကြားခဲ့ပြီး အ၊ထ၊က အေလာ‌ အခြေခံပညာအထက်တန်းကျောင်းအတွက်အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။

ဒုတိယပိုင်းအစီအစဉ်အရ အမျိုးသားစာပေးဆုရစာရေးဆရာ အောင်စိုး(တိရိစ္ဆာန်ဆေးကုဆရာဝန်)က “ စည်းကမ်းတန်ဖိုးနှင့်မူးယစ်ဆေးအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး နေပြည်တော် လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက ကျောင်းသား/ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိမေးမြန်ခြင်းနှင့် ‌ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်များ ပေးအပ်ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်းသိရသည်။