အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသို့ တာဝန်ဝတ္တရားများ လွှဲပြောင်း/လက်ခံခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၁၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီး ဌာနများတွင် လွှဲပြောင်းခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများထံသို့ တာဝန်ဝတ္တရားများ လွှဲပြောင်း/လက်ခံခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး(ငြိမ်း) များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များက လက်ရှိလုပ်ငန်းတာဝန်ထမ်းဆောင်နေမှု အခြေအနေများအား တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ခဲ့ကြပြီးနောက် ဒုတိယဝန်ကြီး(ငြိမ်း) ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာန၏ ဖွဲ့စည်းပုံ၊ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး(ငြိမ်း) ဦးထိန်လင်းက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လွှဲပြောင်းခန့်အပ် တာဝန်ပေးအပ်ခြင်းခံရသည့် ဦးရဲမြင့်ထွန်းက မိတ်ဆက်စကားပြောကြားရာတွင် အားကစားရေးရာ ဝန်ကြီးဌာနတွင် လုပ်သက်များပြီး အတွေ့အကြုံများစွာနှင့် တာဝန်ထမ်း‌ဆောင်လျက်ရှိသည့် ဝန်ထမ်း များကို အသိအမှတ်ပြုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အားကစားသည် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ကြောင်း၊ အားကစားစွမ်းဆောင်ရည်မြင့်မားပြီး မြန်မာ့အားကစား လောက ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း မိသားစုသဖွယ် ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ယခင်ထက်နှစ်ဆ ပိုမိုအားထည့်၍ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီ၍ လုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီးနောက် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လွှဲပြောင်းခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် ဒေါက်တာမောင်သင်းက မိတ်ဆက်စကားပြောကြားရာတွင် မိမိအနေဖြင့် လူငယ်ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဗလငါးတန် နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန် လူငယ်ရေးရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ခွင့် ရရှိခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ယခင်က ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် ခဲ့ပြီး ကျောင်းသားလူငယ်များနှင့်များစွာ ထိတွေ့ဆက်ဆံခဲ့ရသူဖြစ်ကြောင်း၊ ပညာရည်မြင့်မား၍ ထူးချွန်ထက်မြက်သည့် လူငယ်/လူရွယ်များ မွေးထုတ်ပေးနိုင်ပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက် တတ်စွမ်းသမျှ အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်း များအနေဖြင့် အလုပ်လုပ်ရင်း ပျော်ပျော်နေထိုင်သွားကြရန်လိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးများအဖြစ် လွှဲပြောင်းခန့်အပ် တာဝန်ပေးအပ်ခြင်းခံရသည့် ဦးစစ်နိုင် နှင့် ဦးညီညီတို့က ယခင်တာဝန်ထမ်းဆောင်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြ၍ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးများက တာဝန်ဝတ္တရားများ လွှဲပြောင်း/လက်ခံခြင်း စာအုပ်တွင် လက်မှတ်များ ရေးထိုး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် ဒုတိယ ဝန်ကြီး ဦးစစ်နိုင်တို့က လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံမိတ်ဆက် ခြင်း အခမ်းအနားကို နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ဆက်လက်ကျင်းပ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။