အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမပတ် ပါဝင်ဆင်နွှဲ၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်မည့် အားကစားအဖွဲ့အား ကြည့်ရှုအားပေး

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက်

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ အမျိုးသားအားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပြည်သူ တစ်ရပ်လုံးပါဝင်ဆင်နွှဲစေရေး ရည်ရွယ်လျက် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမပတ် ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ ၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အရာရှိများ ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူများ၊ သူနာပြုတက္ကသိုလ်၊ သင်္ဃန်းကျွန်းTTC နှင့် ရန်ကင်းTTCတို့မှ ဆရာ/ဆရာမများ ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ယနေ့နံနက် ၅ : ၃၀ နာရီတွင် သေနတ်ပစ်ဖောက် တာလွှတ် ပေးခဲ့ပြီး ပြည်သူရင်ပြင်၊ ပြည်လမ်းထွက်ပေါက်မှ စတင်တာထွက်၍ အလုံလမ်း- ဦးဝိစာရလမ်း မှ ပြည်သူ့ရင်ပြင်သို့ ပြန်လည်ပန်းဝင်၍ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ်(၁/၂)တို့ကို ပြုလုပ်ကြ သည်။ အဆိုပါလမ်းလျှောက်ပွဲ သို့ ပြည်သူလူထု လူဦးရေ (၂၀၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ပြီး လမ်းလျှောက်ပွဲ အခမ်းအနားအပြီးတွင် ပါဝင်ဆင်နွှဲကြသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အင်းယားလမ်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက် ယှဉ်ပြိုင်ရန်လေ့ကျင့်နေသည့် ရိုးရာလှေ၊ အမျိုးသား/အမျိုးသမီး(၁၀)တက်လှော် မီတာ ၅၀၀ နှင့် မီတာ ၂၀၀ ယှဉ်ပြိုင်လှော်ခတ်ရန် လေ့ကျင့်နေမှုများ၊ အပြည်ပြည်ဆိုင်ရာလှေ ၊ အမျိုးသမီးလေး ယောက်လှော် ၊ အမျိုးသမီး(၂)ယောက်လှော် ၊ အမျိုးသား(၁)ယောက်လှော် ၊ အမျိုးသား(၂) ယောက်လှော် တို့၏ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြများ၊ အားကစား သမားများအား လိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိအောင် ကြိုးစားကြ ရန် တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူအားကစား ခန်းမသို့ရောက်ရှိပြီး လက်ရွေးစင်မွေအားကစားသမားများနှင့် Kickboxing အားကစားသမားများ ပြိုင်ပွဲပုံစံလေ့ကျင့်ကစားနေမှုတို့အား လည်းကောင်း ကြည့်ရှုအားပေးပြီး ပြိုင်ပွဲတိုင်း အနိုင်ရရှိစေရေး ကို နောက်ဆုံးစက္ကန့်အထိ ကြိုးစားယှဉ်ပြိုင်ကစားကြရန် ၊ အကောင်းဆုံးစွမ်းဆောင်နိုင်ကြစေရေးအတွက် အိပ်ရေးဝဝအိပ်စက်ကြရန် ၊ မိမိ ကိုးကွယ်ရာ ဘာသာတရားကို ရိုသေလေးစား ကိုင်းရှိုင်းကြရန် ၊ ယခုသွားရောက်ယှဉ်ပြိုင်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိရုံသာမက နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ တွင်လည်း အောင်မြင်မှုများ ပိုမိုရရှိအောင် ကြိုးစားကစားကြရန် ၊ မိမိတို့ဘဝရည်မှန်းချက် ၊ မျှော်မှန်းချက်များအတိုင်း အောင်မြင်မှုဆုတံဆိပ်များကို ဆွတ်ခူးလျက် နည်းပြဆရာများ ၊ အဖွဲ့ချုပ် ဥက္ကဋ္ဌတို့အား ကျေးဇူးဆပ် ခြင်းဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် အမိနိုင်ငံတော်ကို ကျေးဇူးဆပ်ရာ ရောက်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်သို့ရောက်ရှိ၍ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ 10 m Air Rifle ၊ 50m 3 Position ၊ 10 m Air Pistol ၊ 25 m Sport Pistol နည်းများ လေ့ကျင့်ပစ်ခတ်နေမှုများကို ကြည့်ရှု အားပေးပြီး ပြိုင်ပွဲတွင် စိတ်တည်ငြိမ်စွာဖြင့် အကောင်းဆုံးပစ်မှတ်ရရှိအောင် ပစ်ခတ်၍ အနိုင်ရယူလျက် ဆုတံဆိပ်များ ဆွတ်ခူးရရှိစေရေး ကြိုးစားကြရန်နှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်း ၊ မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်သို့ရောက်ရှိရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ အစည်းအဝေးခန်းမ၌ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြင်းအလှစီး (Dressage)၊ မြင်းစီးတန်းခုန် (Show Jumping )၊ ခရီးကြမ်းစီးနင်း (Cross Country) သုံးမျိုးပေါင်းဖြစ်သော (Eventing) မြင်းစီးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်ပြင်ဆင်ဆောင်ရွက်နေသည့်လေ့ကျင့်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် ယခုသွားရောက် ယှဉ်ပြိုင်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခင်ကထက် ပိုမို အဆင့်မြင့်မား၍ မျှော်မှန်း ထားသည့်အတိုင်း ရွှေတံဆိပ်ဆုများရရှိအောင် ကြိုးစားသွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။