အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုနှင့် ပီတန်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် ၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဂျူဒိုနှင့် ပီတန်း အားကစား အဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝိတ်တန်းအပြည့်နှင့် အားကစားသမား အင်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ လေ့ကျင့်လျက် ရှိသည့် ဂျူဒိုနှင့် ဂျူဂျစ်ဆု အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ပီတန်း အားကစားသမားများ၏ ပြိုင်ပွဲပုံစံ လေ့ကျင့်ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ ပြီးနောက် အားကစားသမားများအား တွေ့ဆုံ၍ ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူး ဂရုစိုက်ကြရန်လိုကြောင်း၊ လေ့ကျင့်မှုပြုလုပ်ရာတွင် မတော်တဆ ထိခိုက်ဒဏ်ရာ(Injury) မရရှိအောင် ဂရုစိုက်ကြရန်နှင့် မိမိတို့ရရှိထားသည့် စံချိန်/စံညွှန်းများ ပိုမိုကောင်းမွန်အောင် နည်းပြ/ဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျ လေ့ကျင့်သွားရန်လိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများ အနေဖြင့်လည်း မိမိအားကစားသမားများ၏ အခြေအနေများကို လေ့လာသုံးသပ်၍ အားနည်းချက်/ အားသာချက်များကို ပြန်လည်ပြုပြင်သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း မှာကြားခဲ့သည်

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) စားရိပ်သာ၌ အားကစားသမားများ၏ နေ့လည်စာ စားသုံးနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားသမားများ စားသောက်မှု အဆင်ပြေစေရေး၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် အားကစားဆေးဘက်ဆိုင်ရာဆရာဝန်၏ Sports Nutrition နှင့်အညီ တွက်ချက်ထားသည့် အားကစားသမားတစ်ဦး တစ်နေ့တာလိုအပ်သည့် ကယ်လိုရီပမာဏအတိုင်း အာဟာရသင့်တင့်မျှတစွာ ကျွေးမွေးနိုင်ရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။