အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် Zumba Festival နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနားမြို့ ၊ ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်၍ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများလိုက်ပါ၍ စုပေါင်းကိုယ်လက်လှုပ်ရှားအစီအစဉ် ဇွန်ဘာပွဲတော် (Zumba Festival) နှင့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်အားပေးခဲ့ပါသည်။

စုပေါင်းကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်အရ ကျင်းပပြုလုပ်သည့် Zumba Festival တွင် ပြည်ထောင်စုဝန်ကြီးက Zumba Festival အကသည် လက်တင်အမေရိကန် ဂီတနှင့် ကကွက်များကိုပေါင်းစပ်ထားသော ကာယလေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း များစွာ နှစ်သက်စွာ လေ့ကျင့်လျက်ရှိပြီး Zumba ကစားခြင်းဖြင့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ ရရှိစေခြင်း၊ သွေးလည်ပတ်မှုကောင်းမွန်စေပြီး နှလုံးကျန်းမာရေးတိုးတက်စေခြင်း၊ ကြွက်သား သန်မာစေခြင်းနှင့် ဟန်ချက်ညီမှုနှင့်ညီညွတ်မှု တိုးတက်စေခြင်းတို့အပြင် စိတ်ဖိစီးမှုလျော့ပါးစေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေခြင်းများရရှိပါကြောင်း ထို့အပြင် လူမှုရေးဆိုင်ရာကောင်းကျိုး များအဖြစ် လူမှုဆက်ဆံရေး တိုးတက်စေခြင်း၊ အသိုင်းအဝိုင်း ခံစားမှုရရှိစေခြင်းနှင့် အခြားသော အကျိုးကျေးဇူးများ မှတ်ဉာဏ်ကောင်းမွန်စေခြင်း၊ လွယ်ကူပျော်ရွှင်စေသော လေ့ကျင့်ခန်းဖြစ်ခြင်း၊ အသက် အရွယ်မရွေး ကျွမ်းကျင်မှု အဆင့်မရွေး လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သည့်အတွက် ယခုကဲ့သို့ စုပေါင်းကိုယ်လက်လှုပ်ရှား အစီအစဉ်များကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲသို့ ဆက်လက်တက်ရောက်အားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သရုပ်ပြအားကစားသမားများထံသို့ ဆုတံဆိပ်များ နှင့်ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ဂုဏ်ပြုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဤကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မြန်မာ့ရိုးရာကိုယ်လုံကိုယ်ခံပညာကို ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်ရေးနှင့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးကို အထောက်အကူပြုသည့်အပြင် ဒေသခံလူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူပြုပါကြောင်း၊ ထို့အပြင် ဒေသ၏ ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသည့်အတွက် ပြိုင်ပွဲများ ဆက်လက်ကျင်းပနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အားကစားပွဲများသို့ တက်ရောက်ရာတွင် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဘဝနေထိုင်မှုပုံစံကို မြှင့်တင်ခြင်း၊ လူငယ်များ အတွက် ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွတ်မှုနှင့် အားကစားစိတ်ဓာတ်များဖွံ့ဖြိုးစေရန် ရည်ရွယ်၍ အားကစားပွဲများ စဉ်ဆက်မပြတ် ကျင်းပသင့်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။