အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
နေပြည်တော်၊ ဩဂုတ် ၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်ဇင်မိုး၊ ဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်) ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက်မှ တတိယအချက်ဖြစ်သည့် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထား မြှင့်တင်ရေး” ဆိုသည့်အတိုင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် လူထုအားကစားမှ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယမန်နေ့၌ ကျင်းပခဲ့သည့် ဦးစီးဌာနအစည်းအဝေးတွင် မပြီးပြတ်သေးသည့် လုပ်ငန်းများနှင့် အဆုံးအဖြတ်ပေးရန်ကျန်ရှိသည့် ကိစ္စရပ်များအား ဆုံးဖြတ်ဖြေရှင်းပေးသွားမည်ဖြစ်၍ မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်နှင့် ဝန်ကြီးဌာနအနေဖြင့် ဖြည်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များကို ပြည့်ပြည့်စုံစုံ တင်ပြပေးသွားရန်လိုကြောင်း၊ အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းများ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားများ ရရှိစေရေးအတွက် သင်တန်းသား ရွေးချယ်မှုများ၊ လေ့ကျင့်ပေးနေမှုများနှင့် ပညာသင်ကြားပေးမှုကိစ္စရပ်များတွင် တာဝန်ရှိသူများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပိုမိုအားထည့် ဆောင်ရွက်သွားမှသာ လုပ်ငန်းများရာနှုန်းပြည့် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ စာကြည့်ခြင်း၏ အကျိုးကျေးဇူးကို မျိုးဆက်သစ်လူငယ်များ သိရှိနားလည်စေရန် “စာမတတ်သူသည် ထိုင်နေတဲ့သူနဲ့ တူကြောင်း၊ စာတတ်ပြီး စာမဖတ်တဲ့သူမှာ ရပ်နေတဲ့သူနဲ့ တူကြောင်း၊ စာတတ်ပြီး စာလည်း ဖတ်တဲ့သူမှာတော့ လမ်းလျှောက်နေသည့်သူနဲ့တူကြောင်း” ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို Motto အဖြစ် စာကြည့်တိုက်များတွင် ချိတ်ဆွဲထားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာန ၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် မြန်မာ့အားကစားအောင်နိုင်ရေးနှင့် မကြာမီ ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မျိုးဆက်သစ်အားကစားသမား မွေးထုတ်ပေးနိုင်မှုအခြေအနေများ၊ အားကစားနည်းအလိုက် ပြိုင်ပွဲကျင်းပခဲ့မှုအခြေအနေများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများ၊ တည်ဆောက်ရေးပိုင်း ဆိုင်ရာကိစ္စရပ်များ၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စင်တာ တည်ဆောက်ဖွင့်လှစ် ထားမှုမရှိသေးသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လူငယ်စင်တာ တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရသို့ တင်ပြဆောင်ရွက် ထားမှုအခြေအနေများနှင့် ပထမ (၆)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေး ခဲ့ကြပြီးနောက် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် တည်မြဲအမိန့်များနှင့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများကို လေးစား လိုက်နာပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ကြရန်လိုကြောင်း၊ မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပြများ၊ ဒိုင်လူကြီးများနှင့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးရန်လိုကြောင်း၊ အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စွာဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးတို့အတွက် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။










