အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ ဩဂုတ် ၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Gold Medal Hall)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး နှင့် ဦးကျော်စိုးမိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်များ၊ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် ဝန်ထမ်းသား/ သမီးများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးဌာန များအနက် တိုင်းတစ်ပါးမြေတွင် အမိမြန်မာနိုင်ငံတော်၏အလံကို အခြားနိုင်ငံအလံများ၏ အထက်ထိ လွှင့်ထူနိုင်အောင် ဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တစ်ခုတည်းကသာ ဆောင်ရွက်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ကြီးဌာနတွင် ဝန်ထမ်းဖြစ်ရသည်ကို ဂုဏ်ယူ တတ်ကြရန်လိုကြောင်း၊ ၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာ ကော်မတီနှင့် တိုင်း/ခရိုင်မြို့နယ်ကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်း၍လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကို ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခုအဖြစ်လည်းကောင်း၊ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံးအောက်တွင်လည်းကောင်း၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အားကစားဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အားကစားကဏ္ဍဆောင်ရွက်မှုများအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံ များအကြား အဆင့်မြင့်မြင့် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေးတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူထုအားကစားလှုပ်ရှားမှုများ ပိုမို ကျယ်ပြန့်စွာဆောင်ရွက်နိုင်စေရေး၊ မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်စေရေးနှင့် ပြိုင်ပွဲ အတွေ့အကြုံများရရှိစေရေးတို့အတွက် ပြည်တွင်း/ပြည်ပ ပြိုင်ပွဲများကျင်းပခြင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များနှင့်ပူးပေါင်းပြီး အောင်နိုင်ရေးစီမံချက်များကို ရေတို/ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်လျက် ရှိသည့်အပြင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်းများကိုဖွင့်လှစ်၍ သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ လူငယ်များသည် နိုင်ငံတော် အတွက် တန်ဖိုးမဖြတ်နိုင်သောကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်ရေးရာ ကဏ္ဍဆောင်ရွက်မှုများအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ဦးဆောင်မှုနှင့်အတူ စပ်ဆက်ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးစသည့့် လူငယ်ဆိုင်ရာ ကဏ္ဍ ၁၆ ခု တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ၊ ဥပဒေရေးရာသင်တန်းနှင့် အခြေခံစာကြည့်တိုက်သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ဘက်လိုက်မှုကင်းပြီး အမှန်တစ်ကယ်အရည်အချင်းအရ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေး အတွက် ဘုတ်အဖွဲ့ဖြင့်စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အနေဖြင့်လည်း ဌာနကောင်းကျိုးရည်မှန်းပြီး (1111)SMS မက်ဆေ့စ်ပေးပို့ခြင်းများအပါအဝင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် အရာထမ်း/အမှုထမ်းများကို ပြည်ပ လေ့လာရေးခရီးစဉ်များ ချီးမြှင့်စေလွှတ်ပေးလျက်ရှိသည့်အတွက် နိုင်ငံတကာသုံး English ဘာသာစကား အပြင် အခြားဘာသာစကားများ၊ IT နည်းပညာ၊ ကွန်ပျူတာ၊ AI(Artificial Intelligence) နည်းပညာ စသည့် မိမိတို့နှင့်သက်ဆိုင်သည့် ဘာသာရပ်များကို ဆက်လက်လေ့လာဆည်းပူးသင်ယူ၍ အရည်အချင်း များကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်ရင်းဖြင့် မိမိအကျိုး၊ မိမိဌာနအကျိုး၊ မိမိဝန်ကြီးဌာနအကျိုး၊ အမိနိုင်ငံတော်အကျိုး ပိုမိုသယ်ပိုးဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ “Health is Wealth” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး၏တန်ဖိုးကို သိရှိအောင် ဦးဆောင်ဦးရွက်ပြုပြီး ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲများကို နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန လုပ်ငန်းတာဝန်များ ကြီးမားကျယ်ပြန့်သည်နှင့်အညီ မကြာမီ ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အားကြိုးမာန်တက်ဖြင့် လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားအားထုတ်သွားကြရန်နှင့် နိုင်ငံ့သားကောင်းပီသစွာဖြင့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာပြီး မိမိတို့ကျရာအခန်းကဏ္ဍတွင် မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးပျော်ရွှင်စွာ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။



ဆက်လက်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား/သမီး များအတွက် ပညာသင်ထောက်ပံ့ကြေးများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ကြသူများ၊ ပြည်တွင်း/ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဘာသာရပ်အလိုက်ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့ကြသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ပညာသင်ထောက်ပံ့ကြေးများ၊ ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။










ယင်းနောက် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အရာထမ်း/အမှုထမ်း ဝန်ထမ်း များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခြင်းအစီအစဉ်အား ဆက်လက် ကျင်းပခဲ့ရာ ကံစမ်းမဲပေါက်သူများကို ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။



ထို့နောက် ညနေပိုင်းတွင် ပျော်ပွဲရွှင်ပွဲ အစီအစဉ်အဖြစ် မြဝတီတေးဂီတအဖွဲ့မှ သီဆိုဖျော်ဖြေခြင်း များ၊ ဌာနအကြီးအကဲများက သီဆိုဖျော်ဖြေခြင်းများ၊ အရာထမ်း/အမှုထမ်းဝန်ထမ်းများ၏ ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲအစီအစဉ်များနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။





