အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ် မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ဂျူဒိုအားကစားနည်း ပထမအကြိမ် လူရွေးချယ်လက်ရည်စမ်းပြိုင်ပွဲကို နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ကျင်းပခဲ့သည်။

ယနေ့ လက်ရည်စမ်းပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား -60 kg ပြိုင်ပွဲနှင့် အမျိုးသမီး -52 kg ပြိုင်ပွဲများကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။

လက်ရည်စမ်းပြိုင်ပွဲများအပြီးတွင် ဂုဏ်ပြုဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား -60 kg ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းကလည်းကောင်း၊ (အမျိုးသား) အလွတ်တန်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ကလည်းကောင်း၊ အမျိုးသမီး -52 kg ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ကလည်းကောင်း၊ (အမျိုးသမီး) အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြ သူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကလည်းကောင်း ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအတွက် လေ့ကျင့်ရေးဝတ်စုံ ဂျူဒိုကီ (၂၈) စုံ နှင့် လေ့ကျင့်ရေးတိပ် (၂၈၈) ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။