အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းနှင့် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဂျူဒိုအားကစားနည်း တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဂျူဒိုမျိုးဆက်သစ် လူငယ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်အတွက် လက်ရှိသင်ကြားပေးလျက်ရှိသည့် ပြည်ပ မှ ငှားရမ်းထားသည့် ဂျပန်နည်းပြဆရာအား ဆက်လက်ငှားရမ်းပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး စေလိုကြောင်း၊ အင်အားဖြည့်စွက်စာကျွေးမွေးမှုများနှင့် ထောက်ပံ့ပေးနေမှုအပိုင်းများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းထောက်ပံ့နေမှုအပိုင်းများ၊ နည်းပြဆရာလိုအပ်မှုအပိုင်းများ၊ ပြိုင်ပွဲအတွေ့အကြုံ များ ရရှိစေရန်အတွက် ပူးတွဲလေ့ကျင့်မှုများနှင့် ပြည်ပပြိုင်ပွဲများ စေလွှတ်ပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အောင်မြင်မှုရရှိရန် တိကျသည့် ရေတို/ ရေရှည် စီမံချက်များကို စနစ်တကျရေးဆွဲပြီး တစိုက်မတ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လူရွေးချယ်မှုများ ပြုလုပ်ပြီး ထူးချွန်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့် အောင်မြင်မှု ဆုတံဆိပ်များရရှိ စေရန်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ် လျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ အနေဖြင့် အားကစားကဏ္ဍနှင့် ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အားကစားနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် မူဝါဒများ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားတွင် တာဝန်ယူဆောင်ရွက်ကြမည့် နည်းပြ များအနေဖြင့် ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတိုးတက်အောင် အမြဲတမ်း လေ့လာဆည်းပူးနေရန်လိုကြောင်း၊ နည်းပြသင်တန်းများကိုလည်း ဝင်ရောက်ဖြေဆိုပြီး အဆင့်ဆင့်အောင်မြင်အောင် ဆက်လက်ကြိုးစား အားထုတ်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အားကစားနည်းပြများအနေဖြင့် BMI (Body Mass Index)ကို ဂရုစိုက်၍ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီး မိမိတပည့်များ အတုယူ လေးစားထိုက်သည့် နည်းပြဆရာများဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများအတိုင်း မိမိတို့တာဝန်ကျရာ ဒေသများတွင် ပြန်လည်အသုံးချ၍ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။