အားကစားရေးရာဝန်ကြီးဌာန

Loading

ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၆

အားကစားရေးရာဝန်ကြီးဌာန(MOSA)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(MOC)နှင့် အာရှအိုလံပစ်ကောင်စီ(OCA)တို့ပူးပေါင်းဖွင့်လှစ်သည့် ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ် ဆက်ဆံရေး ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ/အထွေထွေအတွင်းရေးမှူး၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက သင်တန်းဖွင့်အမှာစကားပြောကြား ရာတွင် အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုတွင်ပါဝင်ကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်စေရေးနှင့် အောင်မြင်မှုရရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားကစားသမားများ၏ စွမ်းဆောင်ရည်သာမက အားကစားစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ၏ အရည်အသွေးမြင့်မားရေးသည် အလွန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေး အတွက် နိုင်ငံတကာအားကစားအဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ(IOC)၊ အာရှအိုလံပစ်ကောင်စီ(OCA)၊ အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ (IFs)၊ နိုင်ငံအသီးသီးမှ အမျိုးသားအိုလံပစ်ကော်မတီများ(NOCs)တို့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစည်းအဝေးတက်ရောက်ခြင်းများနှင့် နိုင်ငံတကာကိုယ်စားပြု ဆက်သွက်ဆက်ဆံဆောင်ရွက်ခြင်းကိစ္စရပ်များတွင် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုအပြင် ထိရောက်သည့် သံတမန်ဆက်ဆံရေးဆိုင်ရာစွမ်းရည်များ မရှိမဖြစ်လိုအပ်ပါကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် သင်တန်းသည် အင်္ဂလိပ်ဘာသာစကားကို သင်ကြားပေးရုံသာမက နိုင်ငံတကာ အဆင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်မည့် ဆက်သွယ်ဆက်ဆံရေးစွမ်းရည်များ၊ အစည်းအဝေးများတက်ရောက်ရာတွင်ထိရောက်စွာ ပါဝင်ဆွေးနွေးနိုင်မည့်နည်းလမ်းများ၊ တင်ပြ ဆွေးနွေးမှုစွမ်းရည်များနှင့် မိမိကိုယ်ကိုယုံကြည်မှုရှိစွာပြောဆိုတင်ပြနိုင်စေမည့် အရည်အချင်း များကို ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ယခု သင်တန်းကို အာရှအိုလံပစ်ကောင်စီ(OCA)၏ Special Projects မှ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော် ဖွင့်လှစ်ပေးခြင်းသည် မြန်မာနိုင်ငံ၏ အားကစားစီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်နိုင်ရေးအတွက် အရေးပါသည့် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ယခုလိုသင်တန်း များကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်မည့် အဖိုးတန်အခွင့်အရေး တစ်ရပ်အဖြစ်မှတ်ယူ၍ သင်ခန်းစာများကို စိတ်ဝင်တစား လေ့လာသင်ယူကြပြီး ဆရာ/ဆရာမများနှင့်အတူ တက်ကြွစွာ ဆွေးနွေးဖလှယ်ကြရန်နှင့် Presentation များလုပ်ဆောင်ရာတွင် ယုံကြည်မှုရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ယခုသင်တန်းတွင် ထူးချွန်သည့် သင်တန်းသား/သင်တန်းသူ များကို ဂုဏ်ပြုဆုကြေးငွေများအဖြစ် ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၅ သိန်းနှင့် တတိယဆု ငွေကျပ် ၃ သိန်းတို့ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး နောင်လာမည့် နိုင်ငံတကာအစည်းအဝေးများ၊ ဆွေးနွေးပွဲများသို့ စေလွှတ်ပေးနိုင်ရန် လျာထားစီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများကလည်း သင်ယူလိုစိတ် အပြည့်နှင့် ကြိုးစားလေ့လာသင်ယူပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကိုသာမက မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိစွာ ဆက်သွယ်ဆက်ဆံပြောဆိုနိုင်ခြင်း၊ နိုင်ငံတကာအဆင့်အစည်းအဝေးများနှင့် ဆွေးနွေးပွဲများတွင် ထိရောက်စွာ ပါဝင်ဆွေးနွေးနိုင်ခြင်း၊ အားကစားအဖွဲ့အစည်းများကို ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ပါဝင်ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာန ကိုယ်စားပြု တာဝန်ယူဆောင်ရွက်နိုင်မည့် ဝန်ထမ်းကောင်းများဖြစ်အောင် ဆက်လက်လေ့လာလိုက်စား၍ ကြိုးစားအားထုတ်သွားရန် တိုက်တွန်းမှာကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်သီရိလွင်နှင့် ဦးအောင်မြတ်ကိုကိုတို့ ၂ ဦးက သင်တန်းသား/ သင်တန်းသူ ၂၇ ဦးတို့ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်းကာလ (၂၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။