လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ (၂၀)။
လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထောက် အကူပြုစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နေလယ်(၁)နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် ဝင်ငွေရရှိနိုင်မည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်း များကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်ရေးရာမူဝါဒ၏ အဓိက ကဏ္ဍ(၁၆)ရပ်တွင် အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍသည် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ လူငယ်များအခြေခံ အသက် မွေးဝမ်းကြောင်းပညာ ရရှိစေရေးအတွက် ၂၀၂၃-၂၀၂၄ပညာသင်နှစ်မှ စတင်၍ အခြေခံပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လျှပ်စစ်မီး၊ လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာကြသည်ကို တွေ့ရှိရပါကြောင်း၊ လျှပ်စစ်ပစ္စည်းများသည် “ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး” ဆိုသည့်အတိုင်း လူသားများကို အကျိုးပြုသကဲ့သို့ ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပြု၍ စနစ်တကျ သုံးစွဲမှသာ ကောင်းကျိုးများစွာရရှိစေမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် လူငယ်များအတွက် အမှန်တကယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး အကျိုးရှိစေမည့် အသက်မွေးဝမ်း ကြောင်းပညာတစ်ခုဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်တန်းနည်းပြဆရာများမှ စာတွေ့/လက်တွေ့ သင်ခန်းစာများကို စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ဂရုတစိုက်စိတ်ပါဝင်စားစွာဖြင့် သင်ယူကြမှသာ လျှပ်စစ်ကျွမ်းကျင်လုပ်သားကောင်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်သလို လျှပ်စစ်သွယ်တန်းခြင်းပညာရပ်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိစေရန်အတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၅)ရက်နေ့အထိ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၊ ဆယ်မာအူးလ်အွန်ဒုန်(SMU)ခန်းမ၌ သင်တန်းနည်းပြဆရာ (၉)ဦးတို့က သင်တန်းသား(၃၀)ဦးတို့ အား သင်ကြားပို့ချသွားမည်ဖြစ်သည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။