အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူသုံးကုန်ထုန်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၂၇)။

လူငယ်များအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃)ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်များအတွက် လူငယ်ရေးရာဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် အဓိကကဏ္ဍ(၁၆)ရပ်တွင် အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ ပါဝင်သည့် အတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအရည်အချင်းနှင့်ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ အရည်အသွေးပြည့်မီပြီး ပြည့်စုံကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေလိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် “တက်သည့်ပညာ မလေ့လာ၊ မကြာမရှည် ပျောက်တတ်သည်” ဆိုသည့်စကားအတိုင်း မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များကို လက်တွေ့ကျကျ အသုံးပြုနေရန်နှင့် ပိုမိုကောင်းမွန်သည့် မိသားစုတစ်ပိုင်တစ်နိုင် ထုတ်ကုန်များဖြစ်အောင် ဆက်လက်ကြိုးစားကြမှသာ ဈေးကွက်ဝင်ပြီး သုံးစွဲသူများ အတွက် အရည်အသွေးပြည့်မှီသည့် အကျိုးရှိမည့်ကုန်ပစ္စည်းများဖြစ်လာမည်ဖြစ်ကြောင်း၊ အများသုံးနိုင်သည့် ဆပ်ပြာ၊ ခေါင်းလျှော်ရည် စသည့်နေ့စဉ်သုံးပစ္စည်းများသည် ဓာတုပစ္စည်းနှင့်သဘာဝပစ္စည်းများ ပေါင်းစပ်ပြီး ထုတ်လုပ်ရခြင်းဖြစ်သည့်အတွက် သင်တန်းတွင် နည်းပြများပို့ချထားသည့် သင်ခန်းစာများအတိုင်း အချိုး အစား မှန်ကန်စွာ ရောစပ်မှသာ သုံးစွဲသူများအတွက်လည်း ဘေးထွက်ဆိုးကျိုးမရှိသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ လူငယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဌာနဆိုင်ရာများနှင့်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် ယခုထက်ပိုပြီး သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လူငယ်များအနေဖြင့် ကာလတိုအတွင်းအချိန်ကို အကျိုးရှိရှိ စာတွေ့လက်တွေ့ သင်ထားသည့် သင်ခန်းစာများကို မိမိတို့ဘဝတွင် လက်တွေ့အသုံးပြုပြီး ပိုမိုကောင်းမွန်သည့် စိတ်ကူးစိတ်သန်းများဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြ စေလိုကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးမှ ဈေးကွက်ဝင်သည့် တန်ဖိုးမြှင့်ကုန်စည်များအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း၊ မိမိပတ်ဝန်းကျင်မှစ၍ မိမိတို့၏နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုရှေးရှုကာ ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ပေးအပ် ခဲ့သည်။

ထို့နောက် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။