အားကစားရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ နန်းဝိုးစိန် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၏ ဖြေကြားချက်

နန်းဝိုးစိန်၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အနောက်ဘက်ရှိ မြို့မအားကစား ကွင်းတွင် မိုးလုံလေလုံ အားကစားခန်းမဆောင်(၁)ဆောင် ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)မှ နန်းဝိုးစိန် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

ကျွန်မတို့သည် ကျေးရွာအုပ်စု(၃၁)အုပ်စုရှိပြီး ကိုယ်ထူကိုယ်ထ အားကစားကွင်းငယ်များ အချို့ ကျေးရွာ များတွင် ဖောက်လုပ်ထားရှိပါသည်။ အားကစားကိုလည်း မြို့ရွာရှိ လူကြီးလူငယ်များအားလုံး စိတ်ဝင်တစား ရှိကြပါသည်။

သို့ဖြစ်ပါ၍ ကျွန်မတို့မိုင်းပျဉ်းမြို့တွင် အထက်တန်းကျောင်း(၅)ကျောင်း၊ တွဲဖက်အထက်တန်းကျောင်း (၁)ကျောင်းနှင့် အလယ်တန်းကျောင်းများ (၇)ကျောင်း ရှိပါသည်။ ကျောင်းသူ/ကျောင်းသားများ ရွာပြည်သူလူထု၊ ဌာနဆိုင်ရာများအားလုံး ဘော်လုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ခြင်း စသော အားကစားများကို စိတ်ဝင်တစား ကစားကြပါသည်။ အခြားမြို့နယ် ကျိုင်းတုံ၊ တောင်ကြီးအထိ သွားရောက်ယှဉ်ပြိုင်ကြပါသည်။ လေ့ကျင့်မှုနေရာ အတည်တကျရှိခဲ့လျှင် ပို၍ထူးချွန်သော အားကစားသမားများစွာ ပေါ်ထွန်းလာနိုင်သည်။

မိုင်းပျဉ်းမြို့နယ်ပိန်းဆန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အနောက်ဘက်ရှိ မြို့မ အားကစားကွင်းတွင် မိုးလုံလေလုံ အားကစားခန်းမဆောင် (၁)ဆောင် မဖြစ်မနေ လိုအပ်နေပါ သောကြောင့် ဆောက်လုပ်ပေးနိုင်မည့် အစီအစဉ်ရှိ/ မရှိ။ မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကို သိရှိလို၍ မေးမြန်း တင်ပြရခြင်းဖြစ်ပါသည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ နန်းဝိုးစိန် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ အားကစားရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဖြစ်ပါတယ်။

“ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အနောက်ဘက်ရှိ မြို့မအားကစားကွင်းတွင် မိုးလုံလေလုံအားကစားခန်းမဆောင် (၁)ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြား သွားမှာဖြစ်ပါတယ်။ PowerPoint ဖြင့် ရှင်းလင်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ… နိုင်ငံတော်၏ အားကစားကဏ္ဍသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင် ပေးရုံသာမက ပြည်သူလူထု၏ ကျန်းမာကြံ့ခိုင်ရေးနှင့် လူငယ်မျိုးဆက်သစ်များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒါ့ကြောင့် အားကစားရေးရာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အားကစားကို စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲနိုင်စေရန်နှင့် နိုင်ငံတကာ အဆင့်မီ ထူးချွန်ထက်မြတ်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အတွက် အခြေခံအဆောက်အအုံများကို စနစ်တကျ တိုးချဲ့တည်ဆောက်ပေးလျက်ရှိသည့်အပြင် Mass Sports အစီအစဉ် များဖြင့်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း အားကစားကွင်းများ၊ အားကစားရုံများ နှင့် ရေကူးကန်များကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်းနှင့် အသစ်ထပ်မံတည်ဆောက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်လျက် ရှိသော လုပ်ငန်းများမှာ ခရိုင်အဆင့် မြို့နယ်များတွင် မီတာ ၄၀၀ ပြေးလမ်းပါဝင်သော အားကစားကွင်း၊ အားကစားရုံများဆောက်လုပ်ခြင်း၊ လူဦးရေ ၁၀၀,၀၀၀ အထက်ရှိသော မြို့ကြီးများတွင်လည်း ပြည်သူများ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် အားကစားကွင်းများနှင့် အားကစားရုံများကို စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ပေးလျက်ရှိပြီး Outdoor Fitness များကိုလည်း တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဦးရေ (၈၂,၉၀၀)ဦးရှိပြီး မြေဧရိယာ (၃.၉၆၀)ဧကရှိ နှစ်(၃၀) မြေဂရန် ရရှိထားတဲ့ မြို့မအားကစားကွင်းမြေနေရာတွင် ရိုးရိုးဘောလုံးအားကစားကွင်း(အလျား ၃၄၅ ပေ ၊ အနံ ၂၂၅ ပေ) (၁)ကွင်းနှင့် ပွဲကြည့်ဆောင်(အလျား ၃၀ ပေ၊ အနံ ၃၀ ပေ)(၁)ဆောင်၊ ကွင်း၏ မြောက်ဘက်တွင် ရုံးနှင့်နေအိမ်တွဲလျက် (အလျား ၅၀ ပေ၊ အနံ ၃၀ပေ) အဆောက်အဦး(၁)လုံး ဆောက်လုပ်ထားရှိပြီး ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အားကစားရုံများဆောက်လုပ်ပေးလိုသည့် စေတနာအပြည့်အဝရှိသော်လည်း ကိုယ်စားလှယ်တော်ကြီး တင်ပြထားသော မြို့မအားကစားကွင်း အတွင်းတွင် တစ်ဆက်တည်း လွတ်နေသောမြေနေရာမရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ စံချိန်စံညွှန်း များနှင့်အညီ မိုးလုံလေလုံအားကစားရုံ (အလျား ၂၀၀ ပေ၊ အနံ ၁၀၀ ပေ) ဆောက်လုပ်မည်ဆိုပါက မြေဧရိယာ(၀.၅)ဧကကျော် လိုအပ်မည်ဖြစ်ပြီး ကျပ်သန်း(၃,၀၀၀)ကျော် ကုန်ကျမည်ဖြစ်ပါတယ်။

မိုးလုံလေလုံအားကစားရုံ(၁)ရုံ ဆောက်လုပ်ရန်အတွက် လိုအပ်သည့် တစ်ဆက်တစ်စပ်တည်း မြေဧရိယာ လုံလောက်မှုမရှိပါကြောင်းနှင့် ဌာနပိုင်မြေနေရာ ထပ်မံရရှိပါက အားကစားရုံ တည်ဆောက် ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဘတ်ဂျက်၏ နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက် နှင့်အတူ ရှင်းလင်းဖြေကြားအပ်ပါတယ်။

…. အားလုံးကို ကျေးဇူးတင်ပါတယ် ….