![]()
မွန်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စွာဖြင့် အားကစားလှုပ်ရှားမှုများဆောင်ရွက်နိုင်စေရေးနှင့် ရေကူးအားကစားနည်းကို လေ့ကျင့်လိုက်စား နိုင်စေရေး တို့အတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများဖြစ်ကြ သည့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အသစ်တည်ဆောက်လျက်ရှိသည့် အဆင့်မြင့်ရေကူး ကန်နှင့် ဒိုင်ဗင်ကန်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွေက်နေမှုအခြေအနေအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးညီညီသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သွားရောက်၍ အသစ်တည်ဆောက်လျက်ရှိသည့် အဆင့်မြင့်ရေကူးကန်နှင့် ဒိုင်ဗင်ကန်တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ရေကူးကန်နှင့် ဒိုင်ဗင်ကန်တည်ဆောက်ရာတွင် နိုင်ငံတကာစံချိန်/ စံညွှန်းများနှင့်အညီ ရေကူးကန် အလျား၊ အနံနှင့် ရေကူးလမ်းကြောင်းများ စနစ်တကျ ရေးဆွဲဆောင်ရွက် သွားရန်၊ သန့်ရှင်းသော ရေလုံလောက်စွာရရှိစေရေးနှင့် ရေဆိုးထုတ်လွှတ်မှုစနစ်များကို စနစ်တကျ ထည့်သွင်းတွက်ချက်၍ ဆောင်ရွက်သွားရန်၊ ရေကူးကန်သို့ လာရောက်အသုံးပြုသူများအတွက် စိမ်းလန်း စိုပြည်၍ သန့်ရှင်းသပ်ရပ်ပြီး စိတ်အပန်းဖြေနိုင်သည့် ပတ်ဝန်းကျင်ကောင်းဖြစ်စေရန်နှင့် မွန်ပြည်နယ် ဂုဏ်ဆောင် မျိုးဆက်သစ်ရေကူးအားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်အောင် ဦးစားပေး တည်ဆောက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီး အဆင့်မြင့် ရေကူးကန်နှင့် ဒိုင်ဗင်ကန်တည်ဆောက်လျက်ရှိသည့် မြေနေရာအနေအထား၊ ရေကူးကန်ဒီဇိုင်းနှင့် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်း တည်ဆောက် ထားသည့် အားကစားရုံနှင့်ဘောလုံးကွင်း၊ အားကစားသမားအိပ်ဆောင်များ၊ စားရိပ်သာနှင့်ဝန်ထမ်း အိမ်ရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မိုးလုံလေလုံအားကစားရုံ၊ လေ့ကျင့်ရေးကွင်းများ နှင့်ပွဲကြည့်စင်များအား ရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသပ်ရပ်စေရေးနှင့် အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် စနစ်တကျ တာဝန်ပေးပြီး ပုံမှန်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ သွားရောက်ပြီး မိုးလုံလေလုံ အားကစားရုံများနှင့် ဘောလုံးကွင်း၊ စာသင်ဆောင်များ၊ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် စားရိပ်သာ မီးဖိုဆောင် (ပေ၂၀×၅၀ပေ) အသစ်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သင်တန်းသား/သင်တန်းသူများအား အဆင့်မီပြီး အရည်အသွေး ကောင်းမွန်သည့် လေ့ကျင့်ရေးကွင်းများတွင် စနစ်တကျ လေ့ကျင့်နိုင်ရေးနှင့် အားကစား အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူ များကို လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မြန်မာ့ အားကစားအဆင့်အတန်း ပိုမိုမြင့်မားလာစေရေး၊ ပြည်နယ်အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက် မြင့်မားစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်ရန်အတွက် မိမိတို့ဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တာဝန်အပြင် စေတနာပါပေါင်းထည့်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်သူ့ ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုစိတ်ဓာတ်ထားရှိပြီး အတူတကွ ပူးပေါင်း၍ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများက အခက်အခဲ များနှင့် လိုအပ်သည်များကို တင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




