အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ(၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့၌ ကျရောက်မည့် မဟာသင်္ကြန်အကြိုနေ့ ပျော်ပွဲရွှင်ပွဲနှင့်ရေကစားခြင်းအခမ်းအနား ကျင်းပရာတွင် ကော်မတီများစနစ်တကျ ဖွဲ့စည်းခြင်းနှင့် ဌာနခွဲများအလိုက် လုပ်ငန်းတာဝန်များကိုစနစ်တကျ ခွဲဝေတာဝန်ပေးအပ်သွားရန်လိုကြောင်း၊ လုံခြုံရေးဂရုစိုက်ကြရန်၊ အရက်သေစာသောက်စားမူးယစ်ခြင်းများ၊ ခိုက်ရန်ဖြစ်ပွားခြင်းများမဖြစ်အောင် အထူးဂရုစိုက်ကြရန်နှင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)နှင့် (Youth Camp) မှ အားကစားသမားများအားလုံး စည်းကမ်းတကျနှင့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာလာရောက် ပါဝင်ဆင်နွှဲနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အခမ်းအနားနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ကျင်းပမည့်နေရာနှင့်အချိန်၊ လုပ်ငန်းတာဝန်ခွဲဝေလျာထားမှုများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒီသာကျွေးမွေးမည့်အစီအစဉ်များ၊ ယခင်နှစ်က ကျင်းပပြုလုပ်ခဲ့မှုများနှင့် ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ပြီး ဌာနခွဲညွှန်ကြားရေးမှူးများအနေဖြင့် သွားလာရခက်ခဲသည့် ဒေသမှဝန်ထမ်းများအား ၎င်းတို့၏ နယ်မြေဒေသလုံခြုံရေး အခြေအနေကို နားလည်သဘောပေါက်အောင် သေချာရှင်းပြပေးသွားရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က မိမိတို့ဦးစီးဌာနအနေဖြင့် လိုအပ်သည်များကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများစည်းကမ်းတကျဖြင့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲသွားရန် ကြိုတင်အသိပေး ပြောကြားသွားမည်ဖြစ်ကြောင်း၊ စတုဒီသာ ကျွေးမွေးမည့်အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။