အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်း‌ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

ဟန်ကျိုး၊ အောက်တိုဘာ(၂)ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်းပြိုင်ပွဲကို ဟန်းကျိုးမြို့မှ ကျည်ဆံရထားဖြင့်သွားရောက်၍ ပြိုင်ပွဲမကျင်းပမီ အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အား‌ပေးစကား‌ပြောကြား၍ ပြိုင်ပွဲအားကြည့်ရှုအားပေးခဲ့ပြီး အာရှပိုက်ကျော်ခြင်းဥက္ကဋ္ဌ Mr.Dato Abdul Halim Kader နဲ့တွေ့ဆုံ၍ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားနည်း ပိုမိုတိုးတက်စေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်ပိုင်း အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်းလွဲ(၂)နာရီအချိန်တွင် အမျိုးသမီး (၄)ယောက်တွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် မြန်မာ အသင်းတို့ယှဉ်ပြိုင်ကစားရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို (၂) ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသား (၄)ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ဗီယက်နမ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း အနိုင်ရရှိ၍ မြန်မာ အမျိုးသား (၄)ယောက်တွဲပိုက်ကျော်ခြင်းအသင်းသည် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး အမျိုးသမီးအသင်းသည် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်။

Fuyang Yinhu Sports Center ၌ ဒေသစံတော်ချိန် မွန်းလွဲ(၃)နာရီခွဲအချိန်တွင် မြားပစ်အားကစားနည်းမှ အမျိုးသား Recurve ပြိုင်ပွဲတွင် နီပေါအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရာ နီပေါအသင်းက (၇)မှတ် မြန်မာအသင်းက (၁)ဖြင့် နီပေါအသင်းအားရှုံးနိမ့်ခဲ့ပြီး အမျိူးသမီး Recurve ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် UAE အသင်းတို့ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက (၆)မှတ် UAE အသင်းက (၅)မှတ်ဖြင့် မြန်မာအသင်းကအနိုင်ရရှိခဲ့သည်။ ဆက်လက်၍ အမျိုးသမီး Recurve ပြိုင်ပွဲတွင် တရုတ်(တိုင်ပေ)အသင်းနှင့် မြန်မာအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ တရုတ်(တိုင်ပေ)အသင်းအား (၆)မှတ်၊ (၂)မှတ်ဖြင့် ရှုံးနိမ့်၍ အုပ်စု(ကျား/မ)အဆင့်မှ ထွက်ခွာခဲ့ရကြောင်း သိရသည်။