အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင်စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇွန်လ (၁၀)ရက် ။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက်က္ကဆံကွင်းအတွင်းရှိ Synthetic ပြေးလမ်းပါ ဘောလုံးလေ့ကျင့်ရေးကွင်း(၁)၌ လေ့ကျင့်နေကြသော ပဏာမလက်ရွေးစင် ပြေးခုန်ပစ်တာလတ် အားကစားသမားများ လေ့ကျင့်နေမှုအားလည်းကောင်း၊ အမြင့်ခုန်အားကစားသမားလေ့ကျင့်နေမှုအားလည်းကောင်း၊ ကြိုးတပ်သံလုံးပစ်လေ့ကျင့်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝူရှူးအားကစားလေ့ကျင့်ရေးရုံသို့ ရောက်ရှိပြီး ပဏာမလက်ရွေးစင် ဝူရှူးအားကစားသမားများ လေ့ကျင့်နေမှု၊ ခြင်းလုံးအားကစားရုံ၌ ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားသမားများ လေ့ကျင့် နေမှုများအားကြည့်ရှုစစ်ဆေးပြီး အားကစားသမားများလေ့ကျင့်မှုအပိုင်း၌ အခြေခံကောင်းမွန်ရန်၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရန်၊ လှုပ်ရှားကစားရာ၌ နည်းစနစ် မှန်ကန်ပြီး လျှင်မြန်ဖျတ်လတ်မှုရှိရန်၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လေ့ကျင့်ကစားကြရန်၊ ဒိုင်/နည်းပြသင်တန်းများဖွင့်လှစ်နိုင်ရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်ကြပ်ဆီလပ် လေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ပန်ကြပ်ဆီလပ်အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှု၊ ကရာတေးလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ကရာတေး အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံ ဘတ်စကက်ဘောအားကစားရုံရှိ ပဏာမလက်ရွေးစင် ဘတ်စကက်ဘောအားကစား သမားများ လေ့ကျင့်နေမှုကိုကြည့်ရှုစစ်ဆေးပြီး အခြေခံနည်းစနစ်ကောင်းမွန်ရန်၊ ကျန်းမာကြံ့ခိုင်စွာဖြင့် ယှဉ်ပြိုင်ကစားနိုင်ရန် ၊ ဒိုင်လူကြီးများရရှိနိုင်ရေးတို့အား ကြိုးစား ဆောင်ရွက်ရန်နှင့်(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျ ပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ အောင်မြင်မှုဆုတံဆိပ်များရရှိနိုင်ရန်နှင့် နိုင်ငံတော်ကို ကျေးဇူးဆပ်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။