အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၂၉)။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၂ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်း နှင့်တာဝန်ရှိသူများ၊ အားကစာသမားများ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံတိုင်းက အားကစားကို အမျိုးသားရေးလက္ခဏာတစ်ရပ်အဖြစ် ရှေ့ရှုပြီး လုပ်ဆောင်လာကြသည်ကို တွေ့ရှိရ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အားကစားနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေး အဖြစ်ခံယူပြီး ကဏ္ဍပေါင်းစုံမှ အစွမ်းကုန် ကြိုးစားအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ထူးချွန်အောင်မြင်သည့် အားကစားသမားများကို အလုပ် နေရာခန့်အပ်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့် နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားဟောင်းများကိုလည်း ၎င်းတို့၏ စွမ်းဆောင်ခဲ့မှုအပေါ်မူတည်ပြီး ပင်စင် လစာကဲ့သို့ ထောက်ပံ့ကြေးများကို လစဉ်ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ကမ္ဘောဒီးယား နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများကို ဂုဏ်ပြုချီးမြှင့်ငွေများ ထိုက်ထိုက်တန်တန်ပေးအပ်ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ခုနှစ်တွင်ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရယူပေး မည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနိုင်ရန်အတွက်လည်း စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်အနေဖြင့် အားကစားလောက အဆင့်အတန်းအောင်မြင်တိုးတက်စေရေးအတွက် မီဒီယာပိုင်းနှင့် အကြံဉာဏ်ကောင်းများဖြင့် ဝေဖန်အကြံပြုချက်များပေးသွားရန် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၂၂ခုနှစ် အတွက် အကောင်းဆုံးအားကစားသမားဆုများ ရွေးချယ်ခဲ့မှုအခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့သူများ၏ Video Clip အား ပြသခဲ့ပြီးနောက် ၂၀၂၂ခုနှစ်၊ အကောင်းဆုံးအားကစားသမား ဆုရရှိခဲ့ကြသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှ ရေကူးအားကစား သမား မောင်အောင်မြင့်မြတ်နှင့် ပြေးခုန်ပစ်အားကစားသမား မထက်ထက်အေးတို့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၀)စီ ပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဆုရရှိသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် ဘောလုံးအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် ပေါင်းလောင်းအားကစားကွင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပြီး အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး တို့အတွက် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားကြရန်၊ ကွင်း/ရုံ လုံခြုံရေးဝန်ထမ်းများ အနေဖြင့် အသိ၊သတိဖြင့် တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ဘောလုံးအားကစားကွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး၊ မြက်ခင်းများစိမ်းလန်းစိုပြေမှုရှိစေရေး၊ ရေဖျန်းစနစ်ကောင်းမွန်စေ ရေး၊ အများပြည်သူလွတ်လပ်စွာ လာရောက်ကစားနိုင်ရန် ကြိုတင်ဆောင်ရွက်ထားရှိစေရေး၊ မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် ပြည်သူလူထုအား စည်းရုံးဆောင်ရွက် သွားရန်နှင့် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကို ပံ့ပိုးကူညီဖြည့်ဆည်းပေး သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ အားကစားလေ့ကျင့်ရေးစခန်း Training Centre – 2 သို့ရောက်ရှိစဉ် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားသမား များနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ တည်းခိုနေထိုင်စားသောက်ရေး အဆင်ပြေမှုရှိစေရန် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။