အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကျင်းပ

နေပြည်တော်၊ မေ ၂၆

မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ နာယက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ အဖွဲ့ဝင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဝန်ကြီးဌာန ကိုယ်စားပြုအဖွဲ့ဝင်များက In Person စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူထုအားကစား ပျံ့နှံ့မြင့်တက်လာ စေရေးနှင့် အားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခု အစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့ သည့် ငလျင်ဒဏ်ကြောင့် အားကစားကွင်း/ အားကစားရုံ အဆောက်အဦများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြို့၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကရင် ပြည်နယ် ဘားအံမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တို့တွင် အားကစားနည်း (၁၅)နည်း အား ခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ အားကစားလောက အဆင့်အတန်း ပိုမို မြင့်မားတိုးတက်လာစေရန်အတွက် အားကစားကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေသူများ အနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်း၊ နည်းဥပဒေများနှင့် အားကစားနည်း အလိုက် နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသင်ယူ၍ စနစ်တကျ ရွေးချယ် လေ့ကျင့်ပြီးမှ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ပြုရန်လိုကြောင်း၊ အိုလံပစ် အားကစားနည်းများကို ဦးစားပေးလေ့ကျင့်ပေးနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ် များတွင် အမိုးပါ ရေကူးကန်များ၊ Synthetic ပြေးလမ်းပါ ဘောလုံးကွင်း များကို ဦးစားပေး တည်ဆောက်ပေးလျက်ရှိကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် မျိုးဆက်သစ် အားကစားသမားများကို မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူများ၏ အားကစားနှင့်ကာယပညာ တိုးတက်ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် အဖွဲ့ဝင်(၂၅)ဦး ပါဝင်သော မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီကို မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီမှ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ကော်မတီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအားလုံး အင်တိုက် အားတိုက်ဖြင့် ဝိုင်းဝန်းပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အဆင့်ဆင့် ဆက်လက်ဖွဲ့စည်းပြီး ကော်မတီ ၏ ရည်ရွယ်ချက်များ အောင်မြင်စေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ စေရေးတို့အတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ မြေနေရာလွတ်များတွင် အားကစားကွင်း/ အားကစားရုံများ ဦးစားပေးအစီအစဉ်ဖြင့် လိုအပ်သလို တည်ဆောက် ပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးသွားပါက နိုင်ငံတော်အတွက် အားကစားသမားကောင်း များစွာ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူက မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား လည်းကောင်း၊ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်၊ အားကစားပြက္ခဒိန် ရေးဆွဲ ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိရမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ အဖွဲ့ဝင်များနှင့် ဝန်ကြီးဌာန ကိုယ်စားပြု အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်းက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။