![]()
မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဦးကိုကိုကျော်၊ ဒေါ်သန်းသန်းလင်း၊ ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတကာတွင် အိုလံပစ်နှင့်ပတ်သက်သည့် အဆင့်အမြင့်ဆုံး အဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဖြစ်၍ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ဇွန်လ ၂၃ ရက်နေ့တွင် နိုင်ငံတကာမှ အမျိုးသားအိုလံပစ်ကော်မတီများ၊ အားကစားအဖွဲ့ချုပ်များ အသီးသီးမှ အားကစားလှုပ်ရှားမှုများ(Olympic Movements)ကို ကမ္ဘာနှင့်တစ်ဝှမ်းတွင် ကျင်းပခဲ့ပြီး အစီရင်ခံစာများကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသို့ ဆက်လက်ပေးပို့တင်ပြခဲ့ပါကြောင်း၊ ၁၉၉၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီဥပဒေကို ပြဌာန်း၍ မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အဖွဲ့ဝင် ၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းတာဝန် ၁၆ ချက် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကောင်စီလက်အောက်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် အားကစားအဖွဲ့ချုပ် ၃၅ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် ၅၂ ဖွဲ့ဖြင့် မြန်မာ့အားကစား အောင်မြင်စေရေးတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ ကို မြန်မာနိုင်ငံအားကစားကောင်စီအဖြစ် ပြန်လည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် ယခုအစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထား မြှင့်တင်ရေး’’ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးကောင်းမွန်အောင် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရန်အတွက် ၂၀၂၆ -၂၀၂၇ ခုနှစ် အားကစားပြက္ခဒိန် ရေးဆွဲပြီး အထက်အကြီးအကဲထံ တင်ပြဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၌ လက်ခံကျင်းပမည့် အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန်ထက်မြက်ပြီး Talent နှင့် အရည်အချင်းရှိသည့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် အဖက်ဖက်မှ လိုအပ်သည်များကို ကူညီထောက်ပံ့ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့ အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြပေးသွားရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီကို မြန်မာနိုင်ငံ အားကစားကောင်စီအဖြစ် ပြန်လည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကောင်စီ စတင်ဖွဲ့စည်းခဲ့မှု သမိုင်းကြောင်း၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ အိုလံပစ်ကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးများက မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်စီမံချက်များ ရေးဆွဲဆောင်ရွက် သွားမှသာ နိုင်ငံတကာအလယ်တွင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများအတွက် အစားအသောက်နှင့် လေ့ကျင့်မှုသည် အဓိကဖြစ်သည့်အတွက် အာဟာရပြည့်ဝစွာကျွေးမွေးနိုင်ရန် ယခုထက်ပိုမိုထောက်ပံ့ကျွေးမွေးပေးသွားရန်လိုကြောင်း၊ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မာလာစေရေးအတွက် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရာတွင် အသက်မှန်ကန်မှုရှိရန် အရေးကြီး၍ အထူးဂရုစိုက်ပြီး စနစ်တကျ ရွေးချယ်သွားရန်လိုကြောင်း၊ အားကစားကွင်း/ အားကစားရုံ များအား ပြန်လည်အဆင့်မြှင့်တင် ပြုပြင်ခြင်းများနှင့် နိုင်ငံခြားနည်းပြများ ငှားရမ်းလေ့ကျင့်ပေးနိုင်ရေး အတွက် လိုအပ်သည်များကို ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက် လျာထားဘက်ဂျတ်ငွေများ၊ ခွင့်ပြုသည့် အသုံးစရိတ်ငွေများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့်အတွက် စာရင်းစစ်ကန့်ကွက်မှုများမရှိစေရေး စနစ်တကျ ခွဲဝေသုံးစွဲသွားရန်လိုကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အားကစားအထောက်အကူပြုပစ္စည်းများ ဝယ်ယူခြင်းနှင့် အားကစားကွင်း/ အားကစားရုံ ပြုပြင်ခြင်းများအတွက် စနစ်တကျ တွက်ချက်၍ ဘဏ္ဍာနှစ်အလိုက် ဘက်ဂျတ်လျာထား တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းများတွင် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပြီး ကျောင်းအဆင့်လက်ရွေးစင်များအဖြစ် ရွေးချယ်၍ နိုင်ငံတကာကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေပြီး မြန်မာ့လက်ရွေးစင် အဆင့် အားကစားသမားများဖြစ်အောင် မွေးထုတ်ပေးလျက်ရှိကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ မြန်မာ့အားကစားအောင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်ဝသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်၍ မွေးထုတ် ပေးနိုင်စေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး အကြံပြုဝိုင်းဝန်း ဆွေးနွေးတင်ပြ ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ပြည့်ပြည့်စုံစုံ ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် နှင့် လုပ်ငန်းတာဝန်များကို ကောင်စီဝင်များ သိရှိပြီးဖြစ်သည့်အတွက် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး၊ မြန်မာနိုင်ငံ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ နိုင်ငံတကာအဆင့်မီ ပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ အောင်မြင်မှုဆုတံဆိပ်များရရှိရေး၊ မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာရေး၊ နိုင်ငံတကာအဆင့်မီ နည်းပြ/ဒိုင်များ မွေးထုတ်ပေးရေး၊ အိုလံပစ်လှုပ်ရှားမှုများ နိုင်ငံနှင့်အဝှမ်း ဆောင်ရွက်နိုင်ရေး၊ အိုလံပစ်ဆိုင်ရာ/အားကစားဆိုင်ရာ ဗဟုသုတများကို ပြည်သူလူထုထံ အသိပညာ ပေးရေး လုပ်ငန်းများကို ကောင်စီဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ တပ်မတော်အားကစားဆပ်ကော်မတီ၊ ဝန်ကြီးဌာနအားကစားဆပ်ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားဆပ်ကော်မတီများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမှသာ မြန်မာ့ အားကစားအဆင့်အတန်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သင့်လျော်သည့် အားကစားဆိုင်ရာ ဗဟာဗျူဟာစီမံကိန်းများ ရေးဆွဲသတ်မှတ်ပြီး ရေတို၊ ရေရှည်စီမံချက်များ၊ စခန်းဝင်လေ့ကျင့်မှုများနှင့် အုပ်ချုပ်စီမံ ထောက်ပံ့ပေးမှု ကိစ္စရပ်များ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အားကစားအဖွဲ့ချုပ်များကို ပြန်လည်စိစစ်၍ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီအဖွဲ့ဝင်များ ကလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။







