မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အစည်းအဝေးကျင်းပ
ရန်ကုန်၊ စက်တင်ဘာလ ၁၄ ရက်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ နှင့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူးများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြပါသည်။
ယနေ့အစည်းအဝေးတွင် မြင်းစီး ၊ စစ်တုရင် ၊ ဂေါက်သီး ၊ လက်ဝှေ့ ၊ ဟော်ကီ ၊ ကြက်တောင်၊ သေနတ်ပစ် ၊ Kabaddi ၊ မွေ ၊ ဘိလိယက်နှင့် စနူကာ ၊ ခရစ်ကက် ၊လှေလှော် ၊ ရေကူး ၊ဘော်လီဘော ၊ ဘောလုံး/ဖူဆယ် ၊ ဘိုးလင်း၊ Squash ၊ Tug of War ၊ ရိုးရာလက်ဝှေ့၊ လေကြောင်းဆိုင်ရာ အားကစား၊ ရွက်လှေ ၊ မြားပစ် ၊ ဘတ်စကက်ဘော ၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး ၊ ကျွမ်းဘား ၊စက်ဘီး ၊ စကိတ် ၊ တိုက်ကွမ်ဒို ၊ ဂျူဂျစ်ဆု ၊ E Sports ၊ စားပွဲတင်တင်းနစ်၊ ဂျူဒို ၊ ကရာတေး ၊ ပန်ကြပ်ဆီလပ် ၊ ဝူရှူး ၊ နပန်း ၊Kickboxing ၊ Teqball ၊ အလေးမ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့များ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဖြင့် သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေး ရခြင်းဖြစ်ကြောင်း၊ အင်အားစာရင်းများကို အပြီးသတ်စိစစ်ပြီး ပေးသွင်းစေလိုကြောင်း၊ မိမိတို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် လေ့ကျင့်ရမည့်ကွင်းအနေအထား ၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရမည့်ကွင်း အနေအထားတို့အား ကြိုတင်လေ့လာထားစေလိုကြောင်း ၊ အားကစားနည်း အလိုက် ယခုသွားရောက်ယှဉ်ပြိုင်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက်သာမက နောင်နှစ်များ တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိအောင် မျှော်မှန်းကြိုးစားစေလိုကြောင်း၊ ယခုပြိုင်ပွဲအတွက် လေ့ကျင့်ရေး နှင့် ပြိုင်ပွဲသုံး အထောက်အကူပြုပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကြိုတင်ပေါင်းစပ် ဆောင်ရွက်ထားစေလိုကြောင်း၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားသို့ အားကစားနည်းများအားလုံး စုံစုံလင်လင်တက်ရောက်နိုင်အောင် ကြိုတင်ပြင်ဆင် ထားရှိရန် လိုအပ်ကြောင်း၊ နိုင်ငံခြားနည်းပြငှားရမ်းမှုနှင့် Joint Training သွားရောက်လေ့ကျင့် မည့်ကိစ္စရပ်များအား အချိန်မီတင်ပြ ဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲထားရှိမှုများ ၊ ပြိုင်ပွဲသို့သွားရောက်မည့် အုပ်ချုပ်/ နည်းပြ ၊ အားကစားသမားများ၏ အင်အားစာရင်းများ ၊ လူအင်အားအတိုး/ အလျော့ ကိစ္စရပ်များ၊ ဒိုင်လူကြီးတာဝန် ထမ်းဆောင်မှုများ ၊ ပြည်ပနိုင်ငံများသို့ ပူးတွဲလေ့ကျင့်မှု (Joint Training) သွားရောက်မှုများ ၊မျှော်မှန်းထားသည့် ဆုတံဆိပ်ရရှိမှုအခြေအနေများ၊ Black List စစ်နိုင်ရေးကိစ္စရပ်များ ၊ မိမိအစီအစဉ်ဖြင့် သွားရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ သွား/လာနေထိုင်ရေးနှင့် လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များအား တင်ပြဆွေးနွေးပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ အတိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားရာ ဒုတိယဝန်ကြီး ၊ ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိ သူတို့က ထပ်မံဖြည့်စွက်ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးမှလိုအပ်သည်များအား ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။





