အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် 2nd Cocom နှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇွန်လ(၁၄)ရက်။

၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့ မှ (၁၃)ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် 2nd Cocom နှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးသို့တက်ရောက်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး(၄) ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ (၁၁.၆.၂၀၂၅) ရက်နေ့ နံနက်(၀၇:၃၅)နာရီ အချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ( ၁၁ )ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၌ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပပြုလုပ်မည့် အားကစားကွင်း/ အားကစားရုံများ ၊ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများကျင်းပမည့် Rajamangala National Stadium ၊ ရေကူးကန် ၊ Indoor Stadium Huamark ၊ THAI Cycling Hall of Fame ၊ Archery Field များသို့ သွားရောက်လေ့လာခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ(၁၂)ရက်နေ့တွင် အစည်းအဝေးမတိုင်မီ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဟိုတယ်ခရီးနှင့် အားကစားဝန်ကြီးဖြစ်သူ H.E Mr. Sorawong Thienthong နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင်မကြာမီက ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများစွာရှိမှုကြောင့် လေ့ကျင့်ရေးကိစ္စရပ်များ၌အခက်အခဲရှိနေမှုများ၊ မိမိတို့ မြန်မာအသင်းပြိုင်ပွဲကြီးသို့ လာရောက် ယှဉ်ပြိုင်သည့်အခါတွင် တည်းခိုနေထိုင် စားသောက်ရေးနှင့် အားကစားကွင်း/အားကစားရုံများ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်ခွင့် ပိုမိုထိတွေ့ခွင့်ရရှိစေရေးတို့အတွက် တတ်စွမ်းသမျှကူညီပေးစေလိုမှု များအား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ 2nd Cocom နှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေးသို့တက်ရောက်ရာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် ဒုတိယဥက္ကဌ Dato Seri Chaiyapak Siriwat မှ ဟိုတယ်ခရီးနှင့်အားကစားဝန်ကြီး (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဌဖြစ်သူ H.E Mr. Sorawong Thienthong ကို တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးပြီး နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ထိုင်းအမျိုးသား အိုလံပစ်ကော်မတီ ဥက္ကဌအသစ်အား မိတ်ဆက်ပေးပြီးနောက် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဌ H.E Mr. Sorawong Thienthong နှင့် ထိုင်းနိုင်ငံအမျိုးသားကော်မတီဥက္ကဌ Honorable Asst Prof .Pimol Srivikorn တို့မှ တက်ရောက်လာသည့်ကောင်စီဝင်များအား တရားဝင်ဖိတ်ကြားလွှာများ ပေးအပ်ခြင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်ကောင်စီအစည်းအဝေး၏ လုပ်ငန်းစဉ်များသုံးသပ်ခြင်းနှင့် အတည်ပြုခြင်း၊ ၂၀၂၄ ခုနှစ် အစည်းအဝေးမှတ်တမ်းပါကိစ္စရပ်များအပေါ် ဆွေးနွေးရှင်းလင်း အတည်းပြုခြင်း၊ SEAGF ရုံး၏ COO ရာထူးအား CEO အမည်အသစ်အဖြစ် ပြန်လည်ခန့်အပ်ရန် အဆိုပြုချက်ကို သုံးသပ်အတည်ပြု ခြင်း၊ SEAGF Honorary Membership များအဖြစ် Dr. Varin Tansuphasiri ၊ Dato’Low Beng Chooနှင့် Mr. CHAN Seng Heng Christopher (၃)ဦးတို့အား ခန့်အပ်ခြင်းနှင့် အရှေ့တောင်အာရှအားကစား အဖွဲ့ချုပ်ရုံး၏အစီရင်ခံစာအား ဆွေးနွေးအတည်ပြု ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးအား မွန်းလွဲပိုင်းတွင်ကျင်းပပြုလုပ်ရာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည့် အားကစားနည်း (၅၀)နှင့် ပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်း/ အားကစားရုံများ ၊ အစီရင်ခံစာနှင့် ရုပ်သံလွှင့်ခြင်းဆိုင်ရာ အစီရင်ခံ စာကို ဖတ်ကြားတင်ပြခြင်း၊ ၂၀၂၇ခုနှစ်တွင် မလေးရှားနိုင်ငံ၌ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအစီရင်ခံစာကို ဖတ်ကြား တင်ပြခြင်း နှင့်အထွေထွေဆွေးနွေးခြင်းတွင်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (South East Asia Games)အမည်ကိုသာ ဆက်လက်ခေါ်ဝေါ်သုံးစွဲသွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့်အဖွဲ့သည် ယမန်နေ့ည(၂၀:၀၅)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။