အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇူလိုင်လ(၇)ရက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၀၈ :၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် အမှုဆောင်များကကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီး က နည်းပြများ၊ ပဏာမလက်ရွေးစင်အမျိုးသားဘော်လီဘောအားကစား သမားများနှင့်ဘော်လီဘောအားကစားလေ့ကျင့်ရေးရုံ၌ လေ့ကျင့်နေသော ပဏာမလက်ရွေးစင် အမျိုးသမီးဘော်လီဘော အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျဝင်ရောက် ယှဉ်ပြိုင် အောင်မြင်မှုများ ရရှိအောင်ကြိုးစားကြရန် ၊ ယှဉ်ပြိုင်ကစားရာ၌ ယုံကြည်မှု စိတ်ဆန္ဒ အားကောင်းရန် ၊ အခြေခံကိုယ်လက်ကြံ့ခိုင်စွမ်းရည်အားကောင်းရန်၊ အခြေခံနည်းစနစ်များအတိုင်း စနစ်တကျ လေ့ကျင့်ကြရန် ၊ ခန္ဓာကိုယ်ကျန်းမာသန်စွမ်း၍ ခုန်အားကောင်းပြီး မျက်လုံးအာရုံစူးစိုက် မှု အားကောင်းအောင် ကြိုးစားကြရန်၊ မြန်မာ့ဘော်လီဘောအားကစားနည်း ပြန်လည်အောင်မြင် လာအောင် ကြိုးစားပြီး နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ကူညီ ကျေးဇူးဆပ်ရန် မှာကြားခဲ့ပြီး ပဏာမလက်ရွေးစင် ဘော်လီဘောအားကစားသမားများ လေ့ကျင့် နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်တာဝန်ရှိပုဂ္ဂိုလ်များသည် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင်ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြိုင်ပွဲဗိုလ်လုပွဲများအား ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် အမျိုးသားမီတာ (၂၀၀၀) တားဆီးကျော်ပြေးပြိုင်ပွဲ ၊ အမျိုးသမီး/အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသမီး/အမျိုးသား မီတာ(၁၅၀၀)ပြိုင်ပွဲ ၊ အမျိုးသမီး/အမျိုးသား မီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသမီး/ အမျိုးသားမီတာ (၄၀၀ x ၄ ) လက်ဆင့်ကမ်းပြိုင်ပွဲနှင့် စံချိန်ချိုးအားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုကြေးငွေတို့အားလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော ရှမ်းပြည်နယ် အသင်း ၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စုပေါင်း တံခွန်စိုက်ဆုဖလားရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့ကို တံခွန်စိုက်ဆုဖလားနှင့် စုပေါင်း တံခွန်စိုက်ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏရှိ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အားကစားရုံသို့ရောက်ရှိရာ မြန်မာနိုင်ငံ Kabaddi အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့ကကြိုဆိုကြပြီး လူရွေးချယ်ရန်အတွက် လေ့ကျင့်နေသော Kabaddi အားကစားသမားများအားရင်းရင်းနှီးနှီးတွေ့ဆုံမိတ်ဆက်ကာမြန်မာနိုင်ငံ၏လက်ရွေးစင် အားကစား သမားများအနေဖြင့် Kabaddi အားကစားနည်းကို သွားရောက်ယှဉ်ပြိုင်ခြင်းသည် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ Kabaddi အားကစားနည်းသည် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာ၍ သတ္တိရှိ ရန်၊ အခြေခံနည်းစနစ်များကိုအခြေခံပြီး စည်းမျဉ်း/ စည်းကမ်းများ၊ နည်းဥပဒေများအတိုင်း ပေါင်းစပ်လေ့ကျင့်သွားရန်မှာကြားပြီး Kabaddi အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှု စစ်ဆေးပြီး အဖွဲ့ချုပ်မှဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့မှ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးမှလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ အဖွင့်အမှာစကား ပြောကြား ရာတွင်တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများကို ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်ဟာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုစေရေးနဲ့ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပရာ၌ သက်ဆိုင်ရာပြိုင်ပွဲကျင်းပရေး ကော်မတီများက စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက် ကြရန်လိုကြောင်း၊ ပြိုင်ပွဲလက်ခံကျင်းပမည့် ဇုန်အလိုက်လိုအပ်သည့် ပြိုင်ပွဲကျင်းပရေး ဆိုင်ရာကိစ္စရပ်များ၊ တည်းခိုနေထိုင်စားသောက်ရေးဆိုင်ရာကိစ္စရပ်များ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဖွဲ့စည်းရန် ကိစ္စရပ်များ ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ မီဒီယာပိုင်းဆိုင်ရာကိစ္စရပ်များ ၊ ဇုန်အလိုက် ပြိုင်ပွဲအနိုင်/အရှုံးများကို လူထုအားကစားနှင့်ပညာပေးဌာနခွဲသို့ သတင်းပေးပို့နိုင်ရေး ကိစ္စရပ်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့တွင် သတင်းထုတ်လွှင့်နိုင်ရေး တို့အား မှာကြားခဲ့ပါသည်။

ဆက်လက်၍ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က မိမိတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လက်ခံကျင်းပမည့် ပြိုင်ပွဲများ အတွက် ရောက်ရှိလာသည့် ပြိုင်ပွဲဝင်အသင်းများရောက်ရှိမည့် နေ့ရက်၊ အချိန်များ၊ ပြိုင်ပွဲကျင်းပ နိုင်ရန် ကွင်းနေရာချထားမှုများ၊ နေထိုင်စားသောက်ရေးနှင့် သွားလာရေးကိစ္စရပ်များ၊ ပရိသတ် ရရှိအောင်ဆောင်ရွက်ထားမှုများ၊ လုံခြုံရေးဆိုင်ရာဆောင်ရွက်ထားမှုများ ၊ ပြိုင်ပွဲကျင်းပရေး ဆိုင်ရာ ဆပ်ကော်မတီဖွဲ့စည်းထားမှုများအား တင်ပြဆွေးနွေးခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်သည့်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ်လိုအပ်ချက်များအား အသေးစိတ်ဖြည့်စွက်ဆွေးနွေးပြီးနောက် ပြည်ထောင်စု ဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။