မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် 2025 E Sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
ရန်ကုန်၊ ဩဂုတ်လ ၂၈ ရက်
2025 E Sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့သည့် မြန်မာအားကစား အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စု ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီတွဲဖက်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ ၊ အလှူရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ဆုရအားကစားသမားများ တက်ရောက်ကြပါသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင် က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဂုဏ်ပြုတဲ့ Yangon Galacticos E Sports အားကစား အသင်းသည် မြန်မာနိုင်ငံကိုယ်စားပြုပြီး ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီးယာဒ့်မြို့မှာ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ(၂၅)ရက်နေ့မှ ဩဂုတ်လ(၃)ရက်နေ့အထိ ကမ္ဘာ့အဆင့် E Sports World Cup ပြိုင်ပွဲ၏ PUBG Mobile ကစားနည်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိခဲ့တာကြောင့် ယခုလို အခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ E Sports အားကစားအဖွဲ့ချုပ်သည် သက်တမ်းအားဖြင့် နုနယ်လှသော်လည်း E Sports အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် အဖွဲ့ချုပ်ရဲ့ အစီအစဉ်ဖြင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါကြောင်း၊ E Sports အားကစားနည်းဖြင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် အောင်မြင်မှုဆုတံဆိပ်များရယူပေးနိုင်ခဲ့ပြီး ဆုကြေးငွေများကို ချီးမြှင့်ခံခဲ့ရပါကြောင်း ၊ ယခုလို အောင်မြင်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး Sustainable Development အတွက် မြန်မာပြည် တစ်ဝှမ်းလုံးက E Sports ဝါသနာရှင် ရွက်ပုန်းသီးအားကစားသမားတွေကို ဖော်ထုတ်နိုင်ဖို့ မိမိတို့ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်နိုင်ဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခုလို အောင်မြင်မှုသည် လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှာလည်း E Sportsအဖွဲ့ချုပ်ရဲ့ စီမံဆောင်ရွက်နိုင်မှု ၊ E Sports လက်ရွေးစင် အားကစားသမား များရဲ့ ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်မှုများရဲ့ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံတော်အလံကို နိုင်ငံတော် သီချင်းနှင့်အတူ ထိုင်းနိုင်ငံမှာ အလံတိုင်ထိပ်အရောက် လွှင့်ထူနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ က ဆော်ဒီအာရေးဗျ နိုင်ငံ၊ ရီးယာဒ့်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် 2025 E Sports World Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မှုနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ၊ ပြိုင်ပွဲအတွေ့အကြုံများကို Video Clip ဖြင့်ရှင်းလင်း တင်ပြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက 2025 E Sports World Cup ပြိုင်ပွဲတွင် ဆုရရှိခဲ့သော အားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် သိန်း(၄၀၀)နှင့် အုပ်ချုပ်နည်းပြများအား ဂုဏ်ပြုဆုငွေကျပ် သိန်း(၂၀၀)တို့အား ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အုပ်ချုပ်/နည်းပြ များအား ဂုဏ်ပြုဆုငွေကျပ် သိန်း(၁၀၀)ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အလှူရှင်များမှ အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် အလှူရှင်များ၏ ဂုဏ်ပြုချီးမြှင့်ငွေစုစုပေါင်းကျပ်သိန်း(၁၃,၁၀၀)ကိုမြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ချီးမြှင့်ပေးအပ်ရာ ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာ အားကစားအဖွဲ့မှ လက်ခံရယူခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက 2025 E Sports World Cup ပြိုင်ပွဲတွင် ဆုရရှိခဲ့သော အားကစားအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို တစ်ဦးချင်းပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရအားကစား အဖွဲ့ကိုယ်စား မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။










