![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားယူ-၁၇ အသင်းနှင့် အမျိုးသမီးယူ-၁၇အသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
ရန်ကုန်၊ဇန်နဝါရီ၃၁
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသား ယူ-၁၇အသင်းနှင့်အမျိုးသမီး ယူ-၁၇အသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၊ ပြည်လမ်း၊ Novotel Hotel Max ရှိ ပုသိမ်ခန်းမ(မြေညီထပ်)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) လူမှုအကျိုးပြု ကော်မတီ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုတိယ ဥက္ကဋ္ဌများ၊ အဖွဲ့ချုပ်အမှုဆောင်များ ၊ ကလပ်အသင်းပိုင်ရှင်များ၊ အလှူရှင်များ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည့်ယူ-၁၇ အမျိုးသား/ အမျိုးသမီးလက်ရွေးစင် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ဂုဏ်ပြုပွဲတွင် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်ခဲ့သည့် အာရှယူ-၁၇ခြေစစ်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှု ဗီဒီယိုရုပ်သံအား ကြည့်ရှုအားပေး ပြီးနောက်ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာ့လက်ရွေးစင် အသက်(၁၇)နှစ်အောက် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့သည် အုပ်ချုပ်/ နည်းပြများ၏ သင်ကြားပြသမှုများကို လိုက်နာပြီး ပြိုင်ဘက်အသင်းများနှင့် ယှဉ်ပြိုင်ကစား ရာတွင် မလျော့သော ဇွဲ ၊ လုံ့လ ၊ ဝီရိယတို့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည့်အတွက် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပြီး အောင်မြင်မှု များကို ရရှိခဲ့ပါကြောင်း ၊ ၂၀၀၆ ခုနှစ်တွင်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နှစ် (၂၀)ကြာတွင် ယခု ၂၀၂၅ ခုနှစ်တွင် ပြန်လည်၍ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နောင်လာမည့် အာရှဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်လည်း အောင်မြင်မှုများရရှိပြီး ကမ္ဘာ့ အဆင့် အသက် (၁၇) နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ကို ပိုမိုမြှင့်တင်နိုင်အောင် ကြိုးစား သွားကြရန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ မှ ချီးမြှင့်သော ဂုဏ်ပြုဆုငွေကျပ်သိန်း(၁၀၀၀)အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က ပေးအပ်ရာ အသက် (၁၇)နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းတို့က လက်ခံရယူ ခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အလှူရှင်များမှ အာရှယူ-၁၇ ခြေစစ်ပွဲအောင်မြင်ခဲ့သည့် အသက်(၁၇)နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းတို့အား ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့မှ လက်ခံရယူခဲ့ပါသည်။
ယင်းနောက် အလှူရှင်များမှ အသက်(၁၇)နှစ်အောက် အမျိုးသမီးလက်ရွေးစင်ဘောလုံး အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း (၃၅၀၀)နှင့် အသက်(၁၇)နှစ်အောက် အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ်သိန်း(၅၅၀၀) တို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်စံပယ်ကြည်တို့မှ ချီးမြှင့်ပေးအပ်ရာ အာရှယူ-၁၇ ခြေစစ်ပွဲအောင်မြင်ခဲ့သော အသက်(၁၇) နှစ်အောက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံး အသင်းတို့မှ အားကစားသမားများက လက်ခံရယူခဲ့ပါသည်။
ထို့နောက် အသက်(၁၇)နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း (ကိုယ်စား)အားကစားသမား အယ်အယ်ဆိုင်းထွယ်နန်း နှင့် အသက်(၁၇)နှစ်အောက် မြန်မာ့ လက်ရွေးစင်အမျိုးသားဘောလုံးအသင်း(ကိုယ်စား)အသင်း ခေါင်းဆောင်အောင်သီဟ တို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။





