မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများနှင့် စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဇွန်လ ( ၁၂ )ရက် ။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၀.၆.၂၀၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံ အားကစားကွင်းအတွင်းရှိ နပန်းအားကစားရုံနှင့် ပဏာမလက်ရွေးစင်အားကစားသမားများထားရှိရာ (၄)ထပ်အိပ်ဆောင်ရှိ စားရိပ်သာ၊ ချက်ပြုတ်ဆောင်၊ စတိုခန်းတို့အား ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသပ်ရပ်၍ ကျန်းမာရေးနှင့်ညီညွတ်အောင် ချက်ပြုတ်ကျွေးမွေးရန်၊ ရေမီးလုံလောက်စွာရရှိရန်၊ လုံခြုံစိတ်ချမှုရှိရန်နှင့် စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်ရှိ ဘိုးလင်းအားကစားရုံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံဘိုးလင်းအားကစားအဖွဲ့ချုပ် ဥက္ကဌနှင့်တွေ့ဆုံ၍ (၃၃)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲအတွက် လူရွေးချယ်ရေး၊ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဆုတံဆိပ် ရရှိအောင်ဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးပြောကြားပြီးနောက် ပဏာမလက်ရွေးစင်ဘိုးလင်း အားကစားသမားများနှင့် ဉာဏ်ရည်မသန်စွမ်းလက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုတို့ အား ကြည့်ရှုအားပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုဝဏ္ဏ အားကစားဇုန်နယ်မြေအတွင်းရှိ အမျိုးသားဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း မြေနေရာနှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးနောက် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင်ဘိလိယက်နှင့်စနူကာအားကစား သမားများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏရှိ တိုက်ကွမ်ဒိုအားကစားရုံသို့ရောက်ရှိပြီး ပဏာမလက်ရွေးစင်တိုက်ကွမ်ဒို အားကစားသမားများလေ့ကျင့်နေမှုနှင့် ပိုက်ကျော်ခြင်းအားကစားရုံ၌ ပဏာမလက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမားများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီးလိုအပ်သည်များအား လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရှိရသည်။







