မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များ အားလိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဇွန်လ (၇)ရက် ။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၇ : ၃၀ )နာရီအချိန်တွင် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဘောလုံးကွင်းအမှတ်(၁) ၌ Myanmar National League 2025-2026 I.S.P.E FC အမျိုးသားဘောလုံး အသင်းနှင့် Myanmar Women League 2025-2026 I.S.P.E FC အမျိုးသမီးဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုအား ကြည့်ရှု အားပေးပြီး အားကစားသမားများအား အခြေခံနည်းစနစ် ကောင်းမွန်ရန်၊ ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်မှုရှိရန်၊ နည်းပြဆရာများ၏ သင်ကြားဆိုဆုံးမမှုများကို လိုက်နာကြရန်၊ မိမိတို့၏အင်အားကို တိကျမှန်ကန်စွာ အသုံးချတတ်ရန်၊ ပြိုင်ပွဲများ၌ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို လိုက်နာကြရန်၊ မိမိအသင်း၌ အသင်းဦးရေအပြည့်ဖြင့် ပြိုင်ပွဲပြီးဆုံးချိန်ထိ ယှဉ်ပြိုင်အောင်မြင်မှု ရရှိအောင် ကြိုးစားကြရန်မှာကြားပြီး နည်းပြနှင့်တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့် မြို့နယ် ၊ အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်ဥက္ကဌ ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များက ကြိုဆိုနှုတ်ဆက်ကြပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စခန်းသွင်း လေ့ကျင့်နေသော ပဏာမလက်ရွေးစင်ဘော်လီဘောအားကစားသမားများအား နည်းပြများ၏ သင်ကြားပြသမှုများကိုလေးစားလိုက်နာကြိုးစားကြပြီး အောင်မြင်မှုဆုတံဆိပ်များဖြင့် နိုင်ငံတော် ကို ကျေးဇူးဆပ်စေလိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအားကောင်းပြီး စည်းစည်းလုံးလုံးဖြင့် စံချိန် ၊ စံညွှန်း၊ စံနှုန်းများ ကောင်းအောင်ကြိုးစားကြရန် ၊ ဆေးပညာအသိဖြင့် စားသောက်၊ နေထိုင်၍ ကိုယ်ခန္ဓာ ကျန်းမာ ကောင်းမွန်အောင် ဂရုစိုက်ကြရန်၊ ကျင့်ဝတ်များကို စောင့်ထိန်းပြီး အောင်မြင်မှုများရရှိအောင် ကြိုးစားကြရန်မှာကြားပြီး ပဏာမလက်ရွေးစင်ဘော်လီဘော အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ပါသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်ရှိ ပန်းဝါဧည့်ရိပ်သာ၌ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ်နှင့်တွေ့ဆုံရာ အဖွဲ့ချုပ်ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူတို့က (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိရန် အတွက် ဆောင်ရွက်နေမှုအခြေအနေများ ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ နိုင်ငံခြားနည်းပြငှားရမ်းလေ့ကျင့်ပေးမည့် အစီအစဉ် များ၊ ဖိတ်ခေါ်ပြိုင်ပွဲများ နှင့် Joint Training သွားရောက်လေ့ကျင့်မည့်ကိစ္စရပ်များ၊ အားကစား ကွင်း၊ ခန်းမနှင့်ရုံးခန်းရရှိရေးကိစ္စရပ်များအား ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များရရှိစေရေးကြိုးစားလေ့ကျင့်ရန် လမ်းညွှန်မှာ ကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသား ရေကူးကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများက ကြိုဆိုကြ၍ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးကိစ္စရပ်များ ၊ နေထိုင် စားသောက်ရေး စီစဉ်ထားရှိပေးမှုများ၊ နည်းပြများ၏ သင်ကြားပေးမှုများအား တင်ပြဆွေးနွေး ပြီးနောက် ပဏာမလက်ရွေးစင် စားပွဲတင်တင်းနစ်အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှု အားပေးခဲ့ပြီး အိပ်ဆောင်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။




