မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင်စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဇွန်လ (၁၁)ရက် ။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူတို့ကကြိုဆိုကြ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့် နေသော Slalom ၊ အနောက်တိုင်းလှေ ၊ ရိုးရာလှေနှင့် ကနူး/ ကယက်လှေ ပဏာမလက်ရွေးစင် အားကစား သမားများလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး အဖွဲ့ချုပ်ဥက္ကဌ ၊ တာဝန်ရှိသူများ နှင့်နည်းပြ များအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံဟော်ကီ အဖွဲ့ချုပ်သို့ ရောက်ရှိပြီး အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူတို့က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဆောင်ရွက်နေသည့် ကိစ္စ ရပ်များအား တင်ပြဆွေးနွေးပြီး ပဏာမလက်ရွေးစင် ဟော်ကီအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အသင်းတို့ သရုပ်ပြယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သိမ်ဖြူအားကစားခန်းမရှိ မွေ နှင့် Kickboxing အဖွဲ့ချုပ်သို့ ရောက်ရှိရာ အဖွဲ့ချုပ်ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွေအားကစားနည်းနှင့် Kickboxing အားကစားနည်းမှ နည်းပြများ၊ ပဏာမလက်ရွေးစင်အားကစား သမားများ၏ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန် ၊ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအားကောင်းပြီး စည်းစည်းလုံးလုံးဖြင့် စံချိန်၊ စံညွှန်း ၊ စံနှုန်းများ ကောင်းအောင်ကြိုးစားကြရန် ၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်ထိ ကြိုးစားယှဉ်ပြိုင်ကြ ရန်၊ အခက်အခဲများရှိပါက ချက်ချင်းတင်ပြရန်၊ အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဘက်ပေါင်းစုံမှ အားလုံး စုပေါင်းကြိုးစားကြပြီး နိုင်ငံတော်ကို ကျေးဇူးဆပ်နိုင်ရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်း အတွင်းရှိ မြန်မာနိုင်ငံဂျုဒိုအဖွဲ့ချုပ်သို့ရောက်ရှိပြီး ပဏာမလက်ရွေးစင်ဂျူဂျစ်ဆု အားကစားသမား များနှင့် ဂျူဒိုအားကစားသမားများ သရုပ်ပြယှဉ်ပြိုင်လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မြန်မာ့သွေး၊ မြန်မာ့ဇာတိအားမာန်အပြည့်ဖြင့် ရွှေတံဆိပ်များဆွတ်ခူးနိုင်ပြီး နိုင်ငံတော်ရဲ့ဂုဏ်ကိုမြင့်တင် နိုင်အောင် ကြိုးစားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။





