အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင်စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များအားလိုက်လံကြည့်ရှုစစ်ဆေး၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ရန်ကုန်၊ ဇူလိုင်လ (၂၅)ရက် ။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အတွင်းရေးမှူးနှင့်တာဝန်ရှိသူတို့က ကြိုဆိုကြ၍ လှေလှော်အားကစားနည်း(၃)နည်း၏ လေ့ကျင့်မှု ရရှိစံချိန်နှင့် ယှဉ်ပြိုင်ခဲ့သည့် ဆီးဂိမ်းစံချိန် နှိုင်းယှဉ်စံချိန်ဇယားအား ကြည့်ရှုကာ အားနည်းချက်/ အားသာချက်များ လုပ်ဆောင်ရန် လိုအပ်ချက်များ မှာကြားပြီး (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များ ရရှိရေးအတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်းလှေ၊ ရိုးရာလှေ၊ ကနူး/ကယက်လှေ အားကစားနည်းမှ ပဏာမလက်ရွေးစင် လှေလှော်အားကစားသမားများ စံချိန်ယူလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ အဖွဲ့ချုပ်အတွင်းရေးမှူးနှင့် နည်းပြများအား တွေ့ဆုံဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့ပေးသည့် မြန်မာလှေလှော်အားကစားအဖွဲ့အား များစွာဂုဏ်ယူပါကြောင်း၊(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရာတွင်လည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် အားကစားသမားများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ဆောင်ရွက်သွားပါက

အောင်မြင်မှုများရရှိနိုင်မှာဖြစ်ကြောင်း အမှာစကားပြောကြားပြီး အဖွဲ့ချုပ်အတွင်းရေးမှူး နှင့်နည်းပြများမှ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် လေ့ကျင့်နေမှု အခြေအနေများ၊ ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများ၊ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စရပ်များနှင့် ပြိုင်ပွဲအထောက်အကူပြုပစ္စည်းများ၊ဝယ်ယူသယ်ဆောင်နိုင်ရေးကိစ္စရပ်များအားတင်ပြ ဆွေးနွေးရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် စားရိပ်သာတွင် ပဏာမလက်ရွေးစင် လှေလှော်အားကစားသမားများ နေ့လယ်စာ စားသုံးနေမှုအား ကြည့်ရှုစစ်ဆေး၍ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး လှေရုံရှိလှေများအား လှည့်လည်ကြည့်ရှုစစ်‌ဆေးကာ လိုအပ်သည်များကိုတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစား ကွင်းအတွင်းရှိ အားကစားနှင့် ပညာရေးပေါင်းစပ်အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှု၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ သင်ကြားရေးအပိုင်း၊ လေ့လာဆည်းပူးမှုအပိုင်း၊ Grade – 12 အောင်မြင်မှု အခြေအနေများ၊ သင်ထောက်ကူပြုပစ္စည်းများ၊ စာအုပ်စာတမ်းများ၊ သွား/လာ နေထိုင်ရေး ကိစ္စရပ်များ၊ အခြားလိုအပ်ချက်များ၊ လူငယ်ပိုင်းဆိုင်ရာနိုင်ငံခြားလေ့လာရေးခရီးစဉ်များသို့ သွားရောက်လေ့လာနိုင်ရေး ကိစ္စရပ်များအား လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဏာမလက်ရွေးစင်အားကစားသမား များအတွက် ပြောင်းရွှေ့ဖွင့်လှစ်ကုသပေးနေသည့် အားကစားဆေးဘက်ဌာနခွဲ ဆေးခန်း သို့ရောက်ရှိ၍ အားကစား ဆေးပညာအရ ဆောင်ရွက်ပေးနေမှုများ၊ အရေးပေါ်ကူသမှုဆိုင်ရာများ၊ အရိုးအကြောကုသမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ၊ ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံပန်ကြပ်ဆီလပ်အဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရာ မြန်မာနိုင်ငံပန်ကြပ်ဆီလပ်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးရဲမြင့်မှ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် Joint Training သွားရောက်လေ့ကျင့်နိုင်ရေး၊ နည်းပြခေါ်ယူနိုင်ရေး၊ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရာတွင် လိုအပ်သည့်ကိစ္စရပ်များနှင့်ဗိုဗီနမ်အားကစားနည်းဖြင့် World Championships ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးတို့အား တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ရှိ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာလေ့ကျင့်ရေးခန်းမသို့‌ရောက်ရှိရာ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများကကြိုဆိုကြပြီး စခန်းဝင်လေ့ကျင့်နေသော ပဏာမ လက်ရွေးစင် ဘိလိယက်နှင့်စနူကာ အားကစားသမားများလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိပြီးနိုင်ငံတော်ကို ကျေးဇူးဆပ်နိုင်ရန် မှာကြားခဲ့ပါသည်။

ယင်းနောက် ညနေပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပပြုလုပ် သော ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ

ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဗိုလ်လုပွဲစဉ်များဖြစ်သော ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ ကရင်ပြည်နယ် အသင်းက ကချင်ပြည်နယ်အသင်းကို ( ၆ ) ဂိုး ( ၄ ) ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အကောင်းဆုံးဂိုးသမားဆုရရှိသော ကျောနံပတ် (၁)ခေါင်လွန်း(ကချင်ပြည်နယ်)ကိုလည်းကောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကိုက အကောင်းဆုံးနောက်တန်း အားကစားသမားဆုရရှိသော ကျောနံပတ်(၃) ဟိန်းထက်အောင်(ကရင်ပြည်နယ်)ကိုလည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အကောင်းဆုံး အလယ်တန်းအားကစားသမားဆု ရရှိသော ကျောနံပတ်(၆) ကျော်မင်းမောင် (ကချင်ပြည်နယ်)ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အကောင်းဆုံးရှေ့တန်း အားကစားသမားဆုရရှိသော ကျောနံပတ် (၁၀)ကျော်ဇင်ဟိန်း(မန္တလေးတိုင်းဒေသကြီး) ကို လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော ကျောနံပတ် (၇)စထွန်းအွာ(ကရင်ပြည်နယ်)ကို လည်းကောင်း၊ တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက စတုတ္ထဆုရရှိသော ရှမ်းပြည်နယ်အသင်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ဒုတိယဆုရရှိသော ကချင်ပြည်နယ်အသင်းကို လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးက ပထမဆုရရှိသော ကရင်ပြည်နယ်အသင်း ကို တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား ငွေသားဆုနှင့် အမျိုးသားတံခွန်စိုက်ဆုဖလား ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။