![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်တာဝန်ရှိသူများ လိုက်ပါလျက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှု များရရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင်နေသည့် အားကစား အဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ မြန်မာနိုင်ငံ Teqball အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးအားကစားရုံ၌ လေ့ကျင့်လျက်ရှိသည့် ပဏာမ လက်ရွေးစင် Teqball အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်၍ Joint Training လေ့ကျင့်ခဲ့မှုအခြေအနေ ၊ Teqball Tour Bangkok 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေ စံချိန်စံနှုန်းများကို Video Clip ဖြင့်ပြသ၍ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ ယခုသွားရောက် ယှဉ်ပြိုင်သည့် အားကစားနည်းများတွင် Teqball အားကစားနည်းသည် အသစ်ပြန်လည်ဖွဲ့စည်းသည့် အားကစားနည်းဖြစ်ပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အတွေ့အကြုံရရှိစေရေးနှင့် အောင်မြင်မှုများရရှိစေရေးအတွက်ကြိုးစားကြရန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခြင်းလုံးအားကစားရုံတွင် (အမျိုးသား/ အမျိုးသမီး) Event-3 ပြိုင်ပွဲခတ်ကစားနည်းများ၏ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီးနောက် မိမိတို့လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင် ယှဉ်ပြိုင်အနိုင် ရရှိစေရေးအတွက် နည်းပြများ၏ သင်ကြားလေ့ကျင့်ပေးမှုများအတိုင်းကြိုးစားလိုက်နာကြရန်၊ ယခုသွားရောက်ယှဉ်ပြိုင် မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမိမြန်မာနိုင်ငံတော်အတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကိုရယူပြီး အမိမြန်မာနိုင်ငံတော် ၏ အလံကိုတိုင်ထိပ်တွင် လွှင့်ထူနိုင်အောင် ကြိုးစားကြရန်တွန်းအားပေးမှာကြားခဲ့ပြီးနောက် အုပ်ချုပ်/ နည်းပြ ၊ အားကစားသမားများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်ကြပ်ဆီလပ်အားကစားရုံတွင် ပဏာမ လက်ရွေးစင်ပန်ကြပ်ဆီလပ်အားကစားသမားများ၏ တစ်ကိုယ်တော်အလှပြ၊ သုံးယောက်တွဲအလှပြ နှင့် အတိုက်အားကစားနည်း လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်မှုရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားလေ့ကျင့်ကြရန် လိုကြောင်း၊ မိမိတို့လေ့ကျင့်နေသည့် စံချိန်စံညွှန်းများ တိုးတက်ကောင်းမွန်ပြီး ပြိုင်ဘက်အသင်းအား အနိုင်ရယူနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲနီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေး ကိုအထူးဂရုစိုက်ပြီး လေ့ကျင့်မှုပြုလုပ်ရာတွင်ထိခိုက်ဒဏ်ရာ (Injury) မရရှိအောင် ဂရုစိုက်ကြရန် မှာကြားခဲ့ပြီး နည်းပြနှင့် အားကစားသမားများအား ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏရှိ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာလေ့ကျင့်ရေးခန်းမသို့ရောက်ရှိပြီး ပဏာမလက်ရွေးစင် ဘိလိယက်နှင့်စနူကာ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီးနောက် လက်ရည်စမ်းယှဉ်ပြိုင်လေ့ကျင့်နေမှုများအားကြည့်ရှုအားပေး၍ ပြိုင်ပွဲအဆက်ဆက်တွင် ဆုတံဆိပ် များဆွတ်ခူးရရှိခဲ့သည့် အားကစားနည်းဖြစ်ပြီး ယခုပြိုင်ပွဲမှာလည်း ဆက်လက်၍ အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန်မှာကြားပြီး အုပ်ချုပ်၊ နည်းပြနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏ ဘောလုံး ကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဗိုလ်လုပွဲစဉ်များ ဖြစ်သော ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအား ပေးရာ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ( ၃ )ဂိုး၊( ၁ ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး က အကောင်းဆုံး ဂိုးသမားဆုရရှိသော ကျောနံပါတ် ( ၁ ) နန်းခိုင်လွင်အေး(မွန်ပြည်နယ်)ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က အကောင်းဆုံး နောက်တန်းအားကစားသမားဆုရရှိသော ကျောနံပါတ်( ၂ ) အိမ့်သဇင်ထက်(ရန်ကုန်တိုင်းဒေသကြီး) ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် က အကောင်းဆုံးအလယ်တန်းအားကစားသမားဆုရရှိသော ကျောနံပါတ် ( ၆ ) အေးထက်ထက်ပိုင် (ဧရာဝတီတိုင်းဒေသကြီး)ကိုလည်းကောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် က အကောင်းဆုံးရှေ့တန်းအားကစားသမားဆုရရှိသော ကျောနံပါတ်(၁၀) နန်းမြင့်မြင့်ခိုင်(ကရင်ပြည်နယ်) ကိုလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသော ကျောနံပါတ် ( ၇ ) နန်းမိုးပွင့်အေးချို (ကရင်ပြည်နယ်) ကိုလည်းကောင်း တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် က စတုတ္ထဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအားငွေသားဆုကို လည်းကောင်း ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး က တတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် က ဒုတိယဆုရရှိသော မွန်ပြည်နယ်အသင်း တို့ကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က ပထမဆုရရှိသော ကရင်ပြည်နယ်အသင်း ကို တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က ပထမဆု ရရှိသော ကရင်ပြည်နယ်အသင်း အား ငွေသားဆုနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။







