![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ ဇွန် ၁၉
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှုများ၊ အဆောက်အဦများ နှင့်ရွှေညောင် အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်တို့နှင့်အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အသက် အငယ်ဆုံးနှင့် အတိုးတက်ဆုံး မျိုးဆက်သစ်အားကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုများ ရရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းတို့ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြု ချီးမြှင့်ငွေကျပ်(၁၅)သိန်းစီကိုလည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို ရှမ်းပြည်နယ် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်တို့က တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၂၀)စီနှင့် တံခွန်စိုက်ဆုဖလားများကို လည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် တောင်ကြီးမြို့၊ အေးသာယာ မြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့သွားရောက်၍ သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှုများ၊ အိပ်ဆောင်များ၊ စားရိပ်သာ၊ ဆေးခန်း၊ စာကြည့်တိုက်၊ ရေကူးကန်နှင့် စာသင်ကျောင်း တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအားတွေ့ဆုံ၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်လျက်ရှိ သည့် ကျောင်းသား/ကျောင်းသူများ၏ အခြေအနေများကို လေ့လာသုံးသပ်၍ အားနည်းသည့် ဘာသာရပ် များကို သေသေချာချာ စိစစ်ကြပ်မတ်၍ သင်ကြားပေးသွားရန်နှင့် တန်းခွဲအလိုက် အောင်ချက်မြင့်မား စေရေး၊ Grade-12 ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားစေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးဆရာ/ ဆရာမများ၏ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ရွှေညောင်မြို့နယ်အားကစားကွင်းသို့ သွားရောက်၍ အားကစား ကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ ရေနုတ်မြောင်းအဖုံးများ၊ ဂိုးတိုင်များ၊ Inner Fencing များနှင့် အုတ်တံတိုင်းပတ်လည်များကို ဆေးဖြူများသုတ်လိမ်းထားရန်နှင့် အားကစားကွင်းအတွင်း မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေးအတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ပြည်နယ်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေး၊ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် အားကစားလေ့ကျင့်မှုများ နေ့စဉ်မပြတ် ရှိစေရေးတို့အတွက် စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။








