![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဧပြီ ၂၇
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့စစ်တုရင်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများ၊ အထူး ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းကအဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ကျင်းပ ပေးခြင်းဖြင့်မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စစ်တုရင် အားကစားသမားများ တွေ့ဆုံယှဉ်ပြိုင်စေခြင်းဖြင့် အားကစားသမားများအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိ၍ မျိုးဆက်သစ်လူငယ်စစ်တုရင်အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံတော်အတွက် အားကိုးအားထား ပြုနိုင်သည့် စစ်တုရင်အားကစားသမားကောင်းများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ စစ်တုရင်အားကစားနည်းသည် စိတ်ပိုင်းဆိုင်ရာကို အခြေခံ၍ကစားရသည့် အားကစားနည်းဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုနှင့်ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်မှု၌ အဓိကအရေးပါကြောင်း၊ စစ်တုရင်အားကစားနည်းသည် အားကစား အထောက် အကူပြုပစ္စည်း၊ ကုန်ကျစရိတ်၊ ယှဉ်ပြိုင်ဘက်အစရှိသည့် လိုအပ်ချက်များ အနည်းဆုံးဖြင့် လေ့ကျင့် ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်မည့် စစ်တုရင်အားကစားသမားများစဉ်ဆက်မပြတ်ပေါ်ထွက်လာရေးအတွက် အထောက်အကူဖြစ်စေသည့် မျိုးဆက်သစ် လူငယ်စစ်တုရင်အားကစားသမားများကို တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲများမှ အများဆုံး မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် စစ်တုရင်အားကစားနည်းဖြင့် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၆ ခု ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ လာမည့်ပြိုင်ပွဲများ တွင်လည်း အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း၊ ယခုကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲတွင် မိမိတို့တစ်ဦးချင်း၏အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသ၍ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြပြီးမြန်မာ့လက်ရွေးစင်အသင်းကြီးကိုအင်အားဖြည့်တင်းပေးနိုင်မည့်မျိုးဆက်သစ်လူငယ် စစ်တုရင်အားကစားသမားကောင်းများဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြား ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆို ခဲ့ကြပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား တွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အ.ထ.က(၂) ဗဟန်းမှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့တို့အား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၅ သိန်းကိုပေးအပ်ခဲ့ပြီး ယနေ့ပြိုင်ပွဲပွဲစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ လူငယ်စစ်တုရင်အမျိုးသမီး ပြိုင်ပွဲ ပွဲစဉ် ၆ တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းကအကွက်ရွှေ့၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမသို့သွားရောက်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်)ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့်မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးတို့အတွက် ပိုမိုကောင်းမွန်အောင် အခြေခံမှစတင်၍ အတူတကွ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ အားကစား၏အနာဂတ် ပိုမို ကောင်းမွန်လှပလာ စေရန် စိတ်တူကိုယ်တူဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ အတိုင်း ရက် ၁၀၀ အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး ညွှန်ကြားသည့် မဟာဗျူဟာ များအတိုင်း နည်းဗျူဟာများစနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်သွား စေလိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများ အားကစားအဆင့်အတန်း တိုးတက်လာစေရေး၊ အားကစားစိတ်ဓာတ်ပြည့်ဝစေရေး၊ လေ့ကျင့်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး နည်းစနစ်ပိုင်း၊ စံချိန်စံညွှန်းပိုင်းများကို အထူးဂရုစိုက်၍ အခြေခံကစပြီး စနစ်တကျဆောင်ရွက် သွားကြစေလိုကြောင်း၊ နိုင်ငံတော်ကအားထားရသည့်မျိုးဆက်သစ်လူငယ်များပေါ်ထွက်လာ စေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများရရှိအောင်အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန်လို ကြောင်း၊ မြန်မာ့အားကစားလောက ပိုမိုကောင်းမွန်လာအောင်အတွေးအခေါ်၊ အယူအဆများ၊အကြံဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်သွားကြစေလိုကြောင်း၊ လူတိုင်းတွင် မတူညီသည့် အလှကိုယ်စီရှိကြသည်နှင့်အမျှ အရည်အချင်းကိုယ်စီရှိကြသူများဖြစ်သည့်အတွက် အားလုံးပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါကြောင်း၊ နိုင်ငံတော်ကအားထားရပြီး ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများဖြစ်အောင်ကြိုးစားကြစေလိုကြောင်းပြောကြားခဲ့ပြီးနောက် အရာထမ်း၊ အမှုထမ်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများအားတွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတကြီး၏ ရက် ၁၀၀ အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဌာနအတွင်းပြုပြင်ပြောင်းလဲ၍ ပူးပေါင်း ဆောင်ရွက်ရမည့်အချက်များအားမှာကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၏ တည်နေရာနှင့် ကျောင်းဖွင့်လှစ်မှုဆိုင်ရာ တင်ပြချက်များ၊ ဝန်ထမ်းခန့်ထားရေးဆိုင်ရာတင်ပြချက်များ၊ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် သင်တန်းသားရွေးချယ်ရေးဆိုင်ရာတင်ပြချက်များ၊ အားကစားလေ့ကျင့်ရေးဆိုင်ရာတင်ပြချက်များ၊ ပညာသင်ကြားရေးဆိုင်ရာတင်ပြချက်များ၊ နေထိုင်/စားသောက်ရေးဆောင်ရွက်မှုဆိုင်ရာတင်ပြချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာတင်ပြချက်များ၊ B.Sc(Sports) သိပ္ပံဘွဲ့၊ အားကစားပညာဆိုင်ရာ တင်ပြချက်များ၊ I.S.P.E (FC) ဘောလုံးအသင်း ၃ သင်း၏ ဖွဲ့စည်းမှုနှင့် အောင်မြင်ခဲ့မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကိုမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အတွင်းရှိရေကူးကန်နှင့် GYM ခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ များအား တွေ့ဆုံခဲ့ပြီး လာမည့် ၂ဝ၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်လှစ်နိုင်ရေးနှင့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီးနောက်သင်တန်းသား/သင်တန်းသူများအား အားကစားပိုင်းတွင်သာမက ပညာရေးပိုင်းတွင်လည်း ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်ကအားထားရသည့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများ ထွက်ပေါ်လာအောင် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။








