![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် မြန်မာအားကစားအဖွဲ့ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ထိုင်း၊ ဒီဇင်ဘာ ၁၀
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ဒေသစံတော်ချိန်(၇)နာရီတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Rajamangala National Stadium ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် President of NOC Thailand (SEAGF) ဝန်ကြီးချုပ် Anutin Charnvirakul က အဖွင့်မိန့်ခွန်းပြောကြားခြင်းနှင့် ထိုင်းနိုင်ငံဘုရင် Vajiralongkorn က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို တရားဝင် ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုင်းနိုင်ငံမှ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစားသမားများက မီးရှူးတိုင်အား လက်ဆင့်ကမ်းသယ်ဆောင်၍ မီးရှူးတိုင်အား ထွန်းညှိခဲ့ပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ ဗန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်မြို့များတွင် ဒီဇင်ဘာလ(၉) ရက်နေ့မှ (၂၀)ရက်နေ့အထိ အားကစားနည်း(၅၄)နည်းအား ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈)နည်းတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။




