အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ရုံးဧည့်ခန်းမ၌ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အမေရိကန် အခြေစိုက် ကိုယ်ခံပညာပြိုင်ပွဲများ ကျင်းပနေသော BKFC အဖွဲ့၏ အာရှတိုက်အမှုဆောင် အရာရှိချုပ်သည် မြန်မာနိုင်ငံသို့ လာရောက် ၍ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မြန်မာ့ရိုးရာလက်ဝှေ့ကို သတ်ကိုးသတ်ဖြင့် BKFC LETHWEI ပြိုင်ပွဲများကျင်းပရန် လာရောက် ဆွေးနွေးခဲ့မှုနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ် အနေဖြင့် လက်ဝှေ့အားကစားနည်း ပြန့်ပွားရန် စီမံဆောင်ရွက်နေသည်ကို အသိအမှတ်ပြုပါကြောင်း၊ ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကစားသမားများနှင့် အေးဂျင့်များသည် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တွင် မှတ်ပုံတင်ရန်နှင့် မြန်မာ့ရိုးရာလက်ဝှေ့ သည် မြန်မာတစ်မျိုးသားလုံးက ပိုင်ဆိုင်သည့်အမည် ဖြစ်ပြီး မြန်မာ့ရိုးရာ အားကစားနည်း ဖြစ်သည်ကို အသိအမှတ်ပြုရန်လိုကြောင်း၊ BKFC LETHWEI ပြိုင်ပွဲများအနက် Road to BKFC LETHWEI လက်ရည်စစ်ပြိုင်ပွဲများကို လစဉ်ကျင်းပပေးပြီး ခါးပတ်လုပြိုင်ပွဲများကို ၂ လ တစ်ကြိမ် ကျင်းပနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင် နှင့် အဖွဲ့ဝင် ဦးဝဏ္ဏတို့က BKFC LETHWEI ပြိုင်ပွဲများအနက် Road to BKFC LETHWEI လက်ရည်စစ်ပြိုင်ပွဲများအား ကျင်းပပေးခြင်းဖြင့် မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာတစ်ဝှမ်း ပြန့်ပွား အောင် ဆောင်ရွက်နိုင်ခြင်း၊ မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားများအတွက် နိုင်ငံတကာအဆင့် ထိုးသတ်ကြေးများဖြင့် နိုင်ငံတကာပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်း၊ BKFC LETHWEI ပြိုင်ပွဲများကို UFC တိုက်ခိုက်ရေးသမားများ ဈေးကွက်မြှင့်တင်ပေးနေခြင်း၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေဖြင့်လည်း နိုင်ငံတကာမှ ရိုးရာလက်ဝှေ့ အားကစားသမားများ တရားဝင်ရရှိခြင်း၊ အေးဂျင့်များထံမှလည်း လိုင်စင်ကြေးများရရှိခြင်း၊ ရိုးရာလက်ဝှေ့သည် ရန်ပွဲသဖွယ် သတ်ပုတ်ခြင်းမဟုတ်ဘဲ စည်းမျဉ်းဥပဒေခိုင်မာသည့် ရိုးရာအားကစားနည်း ဖြစ်သည် ကို ကမ္ဘာက သိရှိနိုင်ခြင်းစသည့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်း မူပိုင်ခွင့်ရရှိစေရေးအတွက် ဆောင်ရွက် ရာတွင် အဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားသည့် ကလပ်အသင်းအဖွဲ့များမှ တာဝန်ရှိ သူများနှင့် တရားဝင် ညှိနှိုင်းဆွေးနွေးတိုင်ပင်သွားရန်လိုကြောင်း၊ ကမ္ဘာသိအောင် လုပ်ဆောင်ရန် အတွက် စည်းမျဉ်းစည်းကမ်းများအား စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးထိန်လင်းက နိဂုံးချုပ်ပြောကြားရာတွင် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနည်းအား အားကစားအသွင်ဖြင့် ဆောင်ရွက်သွားနိုင်ရေးနှင့် ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြုရန် အဖွဲ့ချုပ်အနေဖြင့် ကလပ်အသင်းများ၊ ဒိုင်လူကြီးများ၊ အားကစားသမားများ၊ နည်းပြများ၊ ပရိသတ်များနှင့် မီဒီယာများအား ဖိတ်ကြားပြီး စည်းမျဉ်းစည်းကမ်းရေးဆွဲထားမှုအား အတည်ပြုသတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် သွားရန်နှင့် ဆုံးဖြတ်အတည်ပြုထားသည့် အချက်အလက်နှင့် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို ဝန်ကြီးဌာနသို့ စာဖြင့် ပြန်လည်တင်ပြ ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။