အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC )မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးနှင့် ဘော်လီဘောနည်းပြသင်တန်းဖွင့်ပွဲသို့တက်ရောက်

ရန်ကုန်၊ စက်တင်ဘာလ ၂၅ ရက်

အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၀၉ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၊ပတ္တမြားခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်း က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလ အတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာ လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ (AFC) U-17 Women’s Asian Cup China2026 Qualifiers ပြိုင်ပွဲ၊ အောက်တိုဘာ လ ၁၄ ရက်နေ့တွင် (AFC) Asian Cup Saudi Arabia 2027 Qualifiers ပြိုင်ပွဲ၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ Asian Women’s Champions League (AWCL) 2025 Group Stage ပြိုင်ပွဲ ၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ AFC U-17 Asian Cup Saudi Arabia 2026 Qualifiersပြိုင်ပွဲများကျင်းပမှာဖြစ်ပါကြောင်း၊ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ဆောင်ရွက် ပေးသည်ထက် ပိုမိုဂရုစိုက်ဆောင်ရွက်ပေးစေလိုကြောင်း၊ သွားလာ/နေထိုင် စားသောက်ရေးကိစ္စရပ် များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပရိသတ်စည်ကား သိုက်မြိုက်စွာ အားပေးနိုင်ရေးကိစ္စရပ်များ၊ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ထိန်းသိမ်းရေးကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာ ဌာနများမှ ကဏ္ဍအလိုက် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာ လက်ခံကျင်းပ နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးစေလိုပါ ကြောင်းပြော ကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီမံရေးရာနှင့် လုံခြုံရေးဌာန တာဝန်ခံက Video Clip ဖြင့် ပြိုင်ပွဲအစီအစဉ်များအား ရှင်းလင်းပြသခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်တို့က သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးတင်ပြခဲ့ပါသည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် က ဘောလုံး ပြိုင်ပွဲကျင်းပချိန်တွင် ယာဉ်လမ်းကြောင်းမပိတ်စေရေး၊ ဘောလုံးကွင်းအတွင်း/အပြင် သန့်ရှင်းသပ်ရပ် ကောင်းမွန်စေရေး၊ အများသုံး သန့်စင်ခန်းများ ကောင်းမွန်စေရေး၊ ပြိုင်ပွဲကျင်းပမည့် ကွင်းလုံခြုံ ရေးကောင်းမွန်စေရေး ကိစ္စရပ်များကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် က Asian Women’s Champions League (AWCL) 2025 Group Stage ပြိုင်ပွဲ ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ကိစ္စရပ်များအား ထပ်မံဖြည့်စွက်ပြောကြားခဲ့ပြီးနောက် ဒုတိယ ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်သည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဘော်လီဘောနည်းပြ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဘော်လီဘော လောက ပြန်လည်ဦးမော့လာပြီး နည်းပြကောင်းများမွေးထုတ်နိုင်ရေး၊ နည်းစနစ်တကျ ကျွမ်းကျင်သည့် နည်းပြ များပေါ်ထွက်လာစေရေး၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အဆင့်မီပြီး တိုးတက်ပြောင်းလဲ နေသော နည်းစနစ်များ၊ နည်းဥပဒေများ၊ နည်းပရိယာယ်များကို သိရှိနားလည်စေရေးတို့ကို တတ်ကျွမ်းနားလည်သည့် နည်းပြအဖွဲ့များမှ သင်ကြားပို့ချပေးပြီး သင်တန်းသား/သင်တန်းသူ ၊ နည်းပြ ဆရာများကလည်း ထိထိရောက်ရောက် လေ့လာသင်ယူပြီး မိမိတို့တာဝန်ကျရာဒေသ အသီးသီးမှာ မျိုးဆက်သစ်ဘော်လီဘောအားကစားသမားများပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြား ပေးပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာအောင် အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကိုကိုနိုင်နှင့် Dragon One Co.,Ltd (GM) ဦးရဲဟိန်းတို့မှ သင်တန်းသားများအတွက် ငွေကျပ်သိန်း(၅၀) တန်ဖိုးရှိ သင်တန်းတွင် ပို့ချမည့် EIVB Coach Level -1 Part-1 နှင့် Part-2 ဘာသာပြန်စာအုပ်(၂၆၀) အား လှူဒါန်းရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းမှ သင်တန်းသားများထံသို့ ပေးအပ်ခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။